Home
မြန်မာသတင်း
လိုင်လင်းပီမြို့တွင် မိုင်းနင်းမိပြီး အရပ်သား ၁ ဦးသေ
DVB
·
March 9, 2024
mine 932024

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မရာနယ်မြေ၊ လိုင်လင်းပီမြို့မှာ မတ် ၈ ရက် မနက်ပိုင်းက မြေမြှုပ်မိုင်းနင်းမိလို့ အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လိုင်လင်းပီမြို့အပြင်က တောင်ယာသွားတဲ့ လမ်းမှာ မနက် ၆ နာရီလောက်က မိုင်းနင်းမိခဲ့တာဖြစ်ပြီး အမှတ် ၂ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ အရွယ် ဦးဆန်းဝင်းအောင် နေရာမှာ သေဆုံးခဲ့ပါတယ်။

သူနဲ့အတူပါလာသူ အမျိုးသားလည်း ဒဏ်ရာရရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်မှာ ဆေးသွားကုရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “မတ်လ ၇ ရက်နေ့တုန်းက တောင်ယာမီးတိုက်ဖို့ သွားကြတယ်။ ညနေ ၄ နာရီကျော်တော့ မြို့ထဲပြန်ဝင်မရတော့လို့ မြို့ပြင်မှာ သူတို့ ၂ ယောက် ညအိပ်ကြတယ်ပေါ့နော်။ မနက်မြို့ထဲကို ပြန်ဝင်လာတဲ့အချိန် မြို့အထွက်နားမှာ မိုင်းနင်းမိတာပါ” လို့ ပြောပါတယ်။

အရပ်သားတွေနင်းမိခဲ့တဲ့ မြေမြှုပ်မိုင်းဟာ ဘယ်အဖွဲ့က ထောင်ထားတဲ့ မိုင်းဆိုတာကို ဒီဗွီဘီနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မရာနယ်မြေထဲမှာ ချင်းလက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပြီး လိုင်လင်းပီမြို့မှာတော့ ချင်းအမျိုးသား တပ်ဦး CNF နဲ့ CDF မရာ ပူးပေါင်းတပ်ဖွဲ့က တပ်စွဲထားပြီး မြို့အဝင်အထွက်ကို ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013