ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ မှာ မတ် ၈ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က ကိုရင်နဲ့သီလရှင်တွေကို ကားတစီးက တိုက်ခဲ့တာကြောင့် ကိုရင် ၁ ပါးနဲ့ သီလရှင် ၁ ပါး ပျံလွန်ခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
လှိုင်သာယာ၊ အောင်မြေချမ်းသာဘုန်းကြီးကျောင်းမှာ သီတင်းသုံးကြတဲ့ သီလရှင်နဲ့ ကိုရင်တွေ ကျောင်းအတွက် ဆွမ်းဆန်စိမ်းအလှူခံဖို့ လမ်းလျှောက်ကြွလာချိန် မက္ခရာမင်းသားကြီး မောင်ပျိုးလမ်းနဲ့ မြတောင်ဝန်ကြီးဦးမှိုလမ်းထောင့်မှာ ကားဝင်တိုက်ခံခဲ့ရတာဖြစ်ပါတယ်။
အသက် ၈ နှစ်အရွယ် ကိုရင် ၁ ပါးနဲ့ ၁၄ နှစ်အရွယ် သီလရှင် ၁ ပါးဟာ အခင်းဖြစ်ရာမှာပဲ ပျံလွန်ခဲ့ပြီး အသက် ၁၀ နှစ်အရွယ် သီလရှင် ၁ ပါးကတော့ ဘယ်ဘက်ဒူးဆစ်အောက်ပိုင်း စိုးရိမ်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မြို့ခံလူမှုကူညီရေးအသင်းဝင်တယောက်က “ဆရာလေး တပါးက ခြေကျင်းဝတ်ရော အသားတွေရော မရှိတော့ဘူး။ ခြေထောက်ရိုးပဲ ကျန်တော့တယ်။ ပထမက လှိုင်သာယာဆေးရုံကို ပို့ရင်းကနေ ရန်ကုန်ဆေးရုံကြီးကို ထပ်ပို့ရတယ်။ ကိုရင်လေး ၁ ပါးနဲ့ ဆရာလေး ၁ ပါးကတော့ ပွဲချင်းပြီးပဲ။ ခေါင်းပွင့်ထွက်ပြီး ဆုံးတာ။ ကားသမားတော့ မောင်းပြေးသွားတယ်။ အလှူခံကြွတဲ့အဖွဲ့မှာ ဦးပဥ္စင်းတပါးလည်း ပါတယ်။ သူကတော့ ဘာမှ မဖြစ်ဘူး” လို့ ပြောပါတယ်။
ကားတိုက်ခံရတဲ့နေရာကို မြို့နယ်မီးသတ်၊ ဝိပါကအသင်း၊ မေတ္တာပါရမီအသင်းနဲ့ အရပ်ဖက်အသင်းတွေက လာရောက်ကယ်ဆယ်ခဲ့ကြပြီး ဒဏ်ရာပြင်းထန်ရရှိသူ သီလရှင်ကို မေတ္တာပါရမီအသင်းယာဉ်နဲ့ လှိုင်သာယာဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
ကားတိုက်ပြေးသွားတဲ့ ယာဉ်မောင်းကို လှိုင်သာယာရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးနေဆဲဖြစ်ပါတယ်။
ဓာတ်ပုံ- ဝိပါကအသင်း၊ မေတ္တာပါရမီ