ယူကရိန်းသမ္မတ ဇလန်းစကီးဟာ တူရကီသမ္မတ ရီဆတ်တာယစ်အာဒိုဝန်နဲ့ မတ် ၈ ရက်က အစ္စတန်ဘူလ်မှာ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ ယူကရိန်း-ရုရှားစစ်ပွဲ၊ ပင်လယ်နက် စပါးသဘောတူညီချက်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးတို့အတွက် ဆွေးနွေးဖို့ ရှိကြောင်း တူရကီသမ္မတရုံး က ပြောကြားပါတယ်။
ယူကရိန်းသမ္မတရုံးကလည်း တူရကီသမ္မတနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အစီအစဉ်မှာ ရုရှားနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ ငြိမ်းချမ်းရေးဖော်မြူလာ၊ ၂ နိုင်ငံ ကာကွယ်ရေးလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုနဲ့ မော်စကိုမှ ဖမ်းဆီးထားတဲ့ ယူကရိန်း စစ်သုံ့ပန်းတွေကို လွှတ်ပေးရေးတို့ ပါဝင်ကြောင်း ထုတ်ပြန်ပါတယ်။
ဒီခရီးစဉ်အတွင်းမှာ ယူကရိန်းရဲ့ နယ်မြေစိုးမိုးရေး၊ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးတို့အတွက် တူရကီက သူ့ရဲ့ဆက်လက်ခိုင်မာတဲ့ ထောက်ခံမှုကို အလေးပေးမယ်လို့ မျှော်လင့်ရပါတယ်။
အစ္စတန်ဘူလ်ကို ရောက်နေတုန်း သမ္မတ ဇလန်းစကီးဟာ တူရကီနဲ့ပူးပေါင်းပြီး ယူကရိန်းရေတပ် အတွက် တည်ဆောက်နေတဲ့ အီဗန် ဗိုင်ဟော့ဗ်စကီး နဲ့ အီဗန် မားဇက်ပါဆိုတဲ့ ကောဗက် စစ်ရေယာဉ်ငယ် ၂ စင်း ကိုလည်း မတ် ၈ ရက်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
နေတိုးအဖွဲ့ဝင် တူရကီဟာ ပင်လယ်နက်မှာ ယူကရိန်း၊ ရုရှားနိုင်ငံတို့နဲ့ ရေကြောင်းနယ်နိမိတ်ကို မျှဝေထားပြီး စစ်ပွဲကြားမှာ ၂ နိုင်ငံစလုံးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့ အာရုံစိုက်ခဲ့ပါတယ်။
ရုရှားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်ပြီးတော့ ကိယက်ဗ်အတွက်လည်း စစ်ရေးအရ အထောက်အပံ့တွေ ပေးထားတာဖြစ်ပါတယ်။
Source/Photo - Reuters