ကနေဒါနိုင်ငံ အော်တာဝါမြို့မှာ မတ် ၆ ရက် နှောင်းပိုင်းမှာ မိခင် ၁ ဦးနဲ့ ကလေး ၄ ဦး အပါအဝင် လူ ၆ ဦးကို သီရိလင်္ကာနိုင်ငံသား တဦးက ဓားနဲ့ အသေထိုးသတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က မတ် ၇ ရက်က ပြောကြားခဲ့ပါတယ်။
အော်တာဝါရဲ့အနောက်တောင်ဘက်ရှိ ဘားရ်ဟေဗန် ဆင်ခြေဖုံးရပ်ကွက်က နေအိမ်တိုက်ခိုက်မှု အတွင်း သေဆုံးသူတွေဟာ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး တဦးနဲ့ အသက် ၇ နှစ်၊ ၄ နှစ်၊ ၂ နှစ် နဲ့ ၂ လအရွယ် ကလေးငယ်တွေဖြစ်ကြပြီး အဲဒီမိသားစုရဲ့ အသိမိတ်ဆွေဖြစ်တဲ့ အသက် ၄၀ အရွယ် အမျိုးသား တဦးလည်း သေဆုံးသွားပါတယ်။
အဲဒီမိသားစုရဲ့ ဖခင်လည်း ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ထားရပါတယ်။ အရေးပေါ်ဖုန်း ခေါ်ဆိုပြီး နောက်မှာ ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီမတိုင်ခင်မှာပဲ အခင်းဖြစ်ပွားရာကို ရဲတွေရောက်ရှိလာခဲ့ပြီး နေအိမ်ထဲမှာ သေဆုံးသူတွေကို တွေ့ရှိခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံသား အသက် ၁၉ နှစ်အရွယ် ကျောင်းသား ဖှယ်ဘရီယို ဒီဇွိုင်ဆာကို ပထမအဆင့် လူသတ်မှု ၆ မှု၊ လူသတ်မှုကျူးလွန်ရန် ကြိုးပမ်းမှု စွဲချက် ၁ ခုတို့နဲ့ ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
ဒီဇွိုင်ဆာဟာ အဲဒီမိသားစုနဲ့ သိရှိပြီး အဲဒီအိမ်မှာပဲ နေထိုင်ကြောင်းလည်း ဆိုပါတယ်။ သူဟာ တဦးတည်းသော သံသယရှိသူလည်းဖြစ်ပြီး ဒါဟာ အပြစ်မဲ့ပြည်သူတွေအပေါ် ကျူးလွန်တဲ့ အဓိပ္ပာယ်မဲ့ အကြမ်းဖက်မှုပါပဲလို့ အော့တဝါ ရဲချုပ် အဲရစ် စတက်ဘ်စ်က ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု မဖြစ်သလောက် ရှားပါးတဲ့ တိုင်းပြည်မှာ ထိတ်လန့် တုန်လှုပ် သွားခဲ့ကြပြီး ဝန်ကြီးချုပ် ဂျပ်စ်တင် ထရူးဒိုးက ဒီကြောက်စရာ အဖြစ်ဆိုးကို သူ့အနေနဲ့ ထိတ်လန့် မိတယ်လို့ ပြောပါတယ်။
Source/Photo - Reuters