စစ်ကိုင်းမြို့မှာ စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးရင်မောင်ညွန့် လမ်းကြောင်းကို လုံခြုံရေးယူပေးနေတဲ့ နယ်မြေရဲတပ်ဖွဲ့ဝင်တွေ မတ် ၉ ရက် ဒီနေ့မနက် ၈ နာရီဝန်းကျင်က ပစ်ခတ်ခံရပြီးနောက် ရဲ ၃ ဦးသေဆုံးကာ လက်နက်အချို့ ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာမှာရှိတဲ့ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကို ဒုဝန်ကြီးဦးရင်မောင်ညွန့် မလာရောက်ခင် လုံခြုံရေးယူနေတဲ့ ရွာသစ်ကြီးနယ်မြေရဲစခန်း ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရတာလို့ မြို့ခံတဦးက ပြောပါတယ်။
"ပစ်ခတ်သံတွေကြားပြီး နာရီဝက်လောက်မှာ စစ်ကားတွေရော၊ ရဲကားတွေပါ ရောက်လာတယ်။ သေတဲ့သူတွေရော၊ ဒဏ်ရာရတဲ့သူတွေရော လူနာတင်ယာဥ်တွေနဲ့သယ်သွားတယ်။ စစ်သားတွေက သေနတ်တွေပျောက်နေလို့ဆိုပြီး လိုက်ရှာနေတယ်။"
ဒုဝန်ကြီးလမ်းကြောင်း လုံခြုံရေးယူဖို့သွားတဲ့ စစ်ကိုင်းမြို့ ရွာသစ်ကြီးနယ်မြေရဲစခန်းမှ ဒုရဲအုပ် ၂ ဦးနဲ့ အခြားအဆင့် ၃ ဦးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်ခဲ့ရာ လတ်တလော သတင်းအရ ၃ ဦး သေဆုံးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရဲတပ်ကြပ်ကြီးရယ်၊ ရဲတပ်ကြပ်ရယ်၊ ဒုတပ်ကြပ်တဦးရယ် သေသွားတယ်။ သေနတ် ၃ လက်နဲ့ ကျည် ၇၀၀ လောက် ပါသွားတယ်။ ဒုရဲအုပ်နှစ်ဦးက ဒဏ်ရာရတယ်။"
သေဆုံးသူများမှာ ရဲတပ်ကြပ်ကြီး ဂေတမ်၊ ရဲတပ်ကြပ် ဇာနည်ထွန်း၊ ရဲဒုတပ်ကြပ် ရန်နိုင်စိုးဖြစ်ပြီး ဒဏ်ရာရသူနှစ်ဦးမှာ ဒုရဲအုပ်ဝင်းထိုက်အောင်နဲ့ ဒုရဲအုပ်ရန်အောင်တို့ဖြစ်ပြီး MA-13 သေနတ် ၁ လက်၊ BA-63 သေနတ် ၂ လက်၊ ကျည်အတောင့် ၆၀၀၊ ကျည်အိမ် ၈ ခု၊ MG-1 လက်ပစ်ဗုံး ၃ လုံး ပါသွားတယ်လို့ သူက ဆက်ပြောပါတယ်။
လတ်တလော စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ အုန်းတောကျေးရွာနဲ့ စစ်ကိုင်းမြို့ပေါ်မှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။