မော်စကိုမှာ အစွန်းရောက်တွေ တိုက်ခိုက်မှုလုပ်တော့မယ်လို့ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မတ် ၈ ရက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
မော်စကိုက ဂျူးဘုရားကျောင်း တခုကို အာဖဂန်နစ္စတန်က အိုင်အက်စ်အဖွဲ့ခွဲက ဝင်ရောက် ပစ်ခတ်မှု လုပ်ဖို့ စီစဉ်ထားတာကို ဖော်ထုတ် ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှားထောက်လှမ်းရေးက ထုတ်ပြန်ခဲ့အပြီး နာရီပိုင်းအကြာမှာ ဒီကြေညာချက်ထွက်လာတာဖြစ်ပါတယ်။
“မော်စကိုမှာ ဖျော်ဖြေပွဲလို လူအများစုရုံးတဲ့နေရာတွေကို ပစ်မှတ်ထားပြီး အစွန်းရောက်တွေက တိုက်ခိုက်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေကို သံရုံးက စောင့်ကြည့်နေပါတယ်။ အမေရိကန်နိုင်ငံသား တွေအနေနဲ့ နောက် ၄၈ နာရီအတွင်း လူစုလူဝေးတွေကို ရှောင်ကြဉ်သင့်ပါတယ်” လို့ သံရုံး ဝက်ဘ်ဆိုက်မှာ သတိပေးစာ ထုတ်ပြန်ထားပါတယ်။
ဆိုဗီယက်ခေတ် ကေဂျီဘီထောက်လှမ်းရေးအဖွဲ့နေရာ အစားဝင်တဲ့ ရုရှားပြည်ထောင်စု လုံခြုံရေး အဖွဲ့ (အက်ဖ်အက်စ်ဘီ) ရဲ့ ထုတ်ပြန်ချက်နဲ့ အမေရိကန်သံရုံးနဲ့ သတိပေးချက် ဆက်စပ်မှု ရှိ၊ မရှိ ကိုတော့ မသိရပါဘူး။
ရုရှားနိုင်ငံ ကာလူဂါဒေသမှာ လှုပ်ရှားနေတဲ့ အိုင်အက်စ်အဖွဲ့ငယ်ဟာ အာဖဂန်အခြေစိုက် အိုင်အက်စ်အိုင်အက်စ်-ခိုရာဆန်လို့ခေါ်တဲ့အဖွဲ့ရဲ့ ချုပ်ကိုင်မှုအောက်မှာရှိတယ်လို့ ရုရှား ထောက်လှမ်းရေးက ထုတ်ပြန်ပါတယ်။
ဒီအဖွဲ့ဟာ ၂၀၁၄ လောက်ကမှ အာဖဂန်အရှေ့ပိုင်းမှာ ပေါ်လာတာဖြစ်ပြီး အာဖဂန်၊ ပါကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်နဲ့ အီရန်မှာ ကာလီဖိတ် နိုင်ငံတော် ထူထောင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
Source/Photo - Reuters