Home
နိုင်ငံတကာ
ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံသားဖြစ်ခွင့်ပေးမည့် အစီအစဉ် သမ္မတ ဘိုင်ဒင် စတင်
DVB
·
August 20, 2024
Photo - REUTERS/Daniel Becerril

အမေရိကန်နိုင်ငံသားတွေရဲ့ အိမ်ထောင်ဖက် ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးမယ့် အစီအစဉ်ဟာ တရားမဝင် ဝင်ရောက်လာတဲ့ အမေရိကန်မှာ ရေရှည်နေထိုင်သူတွေကို တရားဝင် အခြေအနေပေးဖို့ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အကြီးမားဆုံး လှုပ်ရှားမှုတရပ်ပါ။

ရီပတ်ဘလစ်ကန် ပါတီဝင်တွေက တရားမဝင် လူဝင်ရောက်မှုကို ဗဟိုအာရုံပြုတဲ့ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမတိုင်မီ လတွေအတွင်း ခုလို ကြေညာတာလည်း ဖြစ်ပါတယ်။

ဇွန် ၁၇ ရက်အထိ အမေရိကန်ပြည်ထောင်စုမှာ အနည်းဆုံး ၁၀ နှစ်ကြာ နေထိုင်ခဲ့တဲ့ အိမ်ထောင်ဖက် ၅ သိန်းလောက်ကို ဇွန်လမှာ ထုတ်ပြန်ကြေညာခဲ့ပြီး မိသားစုတွေ အတူထားရှိရေး အစီအစဉ် Keeping Families Together ကို ဖွင့်လှစ်ပေးမယ်လို့ ဘိုင်ဒင်ရဲ့ အုပ်ချုပ်ရေးအရာရှိတွေက ပြောပါတယ်။

အမေရိကန်နိုင်ငံသား မိဘနဲ့အတူ အသက် ၂၁ နှစ်အောက် ကလေး အယောက် ၅၀,၀၀၀ လောက်လည်း ဒီအစီအစဉ်မှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။

ဘိုင်ဒင်ဟာ ဇူလိုင်လမှာ လူဝင်မှုကြီးကြပ်ရေး သဘောထား တင်းမာသူ ရီပတ်ဘလီကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ယှဉ်ပြိုင်ဖို့ သမ္မတလောင်းအဖြစ်ကနေ မနုတ်ထွက်မီမှာ တရားဝင်ခွင့်ပြုရေး အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့တာပါ။

ဒုသမ္မတ ကမ္မလာ ဟားရစ်ဟာ အခုလအစောပိုင်းမှာ ဒီမိုကရက်တစ်သမ္မတလောင်း ဖြစ်လာခဲ့ပြီး ကြာသပတေးနေ့မှာ ချီကာဂိုမြို့က ဒီမိုကရက်တစ် အမျိုးသားညီလာခံမှာ တရားဝင် အမည်စာရင်း တင်သွင်းခြင်းကို လက်ခံဖို့ စီစဉ်ထားပါတယ်။

ဟားရစ်နဲ့ ဘိုင်ဒင်တို့ တာဝန်ယူပြီးနောက် ၂၀၂၁ ခုနှစ်ကတည်းက အမေရိကန်-မက္ကဆီကို နယ်စပ်ကို တရားမဝင်ဖြတ်ကူးသူ အရေအတွက် စံချိန်တင် ဖမ်းမိတဲ့အတွက် ဟားရစ်ကို ထရမ့်ပ်က ဝေဖန်ခဲ့ပါတယ်။

ဟားရစ်ကတော့ သူ့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မှတ်တမ်းကို မီးမောင်းထိုးပြပြီး အခုနှစ် အစောပိုင်းက အမေရိကန် အထက်လွှတ်တော်မှာ ရှုံးနိမ့်ခဲ့တဲ့ ဘက်စုံ နယ်စပ်လုံခြုံရေး ဥပဒေမူကြမ်းကို ထရမ့်ပ်က ဆန့်ကျင်တဲ့လုပ်ရပ်ကို ပြန်ဆန့်ကျင်ခဲ့ပါတယ်။

အခုလ အရီဇိုးနားနဲ့ နီဗားဒါးပြည်နယ်တို့က မဲဆွယ်ပွဲတွေမှာ ဟားရစ်က အမေရိကန်မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအတွက် “နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းတခု” ကို တောင်းဆိုခဲ့ပါတယ်။

ဇွန်လမှာတော့ ထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးရေး ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်း လီယာဗစ်ထ်က နိုင်ငံသားဖြစ်ခွင့် အစီအစဉ်ကို “အစုလိုက်အပြုံလိုက် လွတ်ငြိမ်းချမ်းသာခွင့်” လို့ တံဆိပ်ကပ်ခဲ့ပြီး ပြန်ရွေးချယ်ခံရရင် နိုင်ငံထဲက သမိုင်းဝင် ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ကို တရားမဝင် ပြန်ပို့မယ့် ထရမ့်ပ်ရဲ့ ကတိပြုချက်ကို ထပ်လောင်းပြောကြားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013