ဆွစ်-ဖရန့် အနုပညာရှင်ဆေ့ပ် (SAYPE) ဟာ ဂေဟဗေဒစနစ်နဲ့ လိုက်လျောညီထွေရှိတဲ့ ဆေးခြယ်မှုကို အသုံးပြုပြီး မြက်ခင်းပြင်ပေါ်မှာ ဒီ ဧရာမဆေးရေးပန်းချီကားကို ပုံဖော်ခဲ့ပါတယ်။
မြေထဲပင်လယ်ကို ဖြတ်ပြီး ဝင်ရောက်ဖို့ ကြိုးစားကြတဲ့ ရွှေ့ပြောင်းတွေရဲ့ အတိဒုက္ခနဲ့ သူတို့ ကယ်ဆယ်ဖို့ ကြိုးစားကြသူတွေကို တင်စားသရုပ်ဖော်ထားတာ ဖြစ်ပါတယ်။
ဆွစ်-ဖရန့် အနုပညာရှင် ဆေ့ပ်က “ဒီလက်ရာရဲ့ ထူးခြားချက်ကတော့ သုံးဖက်မြင် ရုပ်လုံးတွေနဲ့ ရောယှက်ထားတာပါ။ မြေထဲပင်လယ်ကို ဖြတ်ကျော်ဖို့ ကြိုးစားကြသူတွေနဲ့ ပြည့်နှက်နေတဲ့ လှေတစင်းလည်း ပါမယ်။ ဒီမိန်းကလေးကကျတော့ မီးပြတိုက်ကို ကိုင်ထားပြီး မီးအိမ်က မီးပြတိုက်ရဲ့ အလင်းကို ပုံဖော်ပေးပါတယ်။ ကျနော့်အတွက်တော့ မီးပြတိုက်ဆိုတာက ပင်လယ်ပြင်မှာ လမ်းပျောက်တဲ့အခါကျရင် လမ်းပြပေးမှုရဲ့ သင်္ကေတပါ။ ဒါကြောင့် ဒီအနုပညာလက်ရာက ဒီရွှေ့ပြောင်းပြဿနာမှာရှိတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ဖို့ ကူညီပေးနိုင်မယ်လို့ ရိုးရိုးသားသား မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
ဧရာမဆေးရေးပန်းချီထဲမှာ မိန်းကလေးငယ်က တကယ့်မီးအိမ်နဲ့ ရောယှက် သရုပ်ဖော်ထားတဲ့ မီးပြတိုက်ကို တို့ထိမယ့်အသွင် သရုပ်ဖော်ထားပြီး အနားမှာ မြေထဲပင်လယ်မြေပုံနဲ့ စက္ကူလှေငယ်ပုံ ပါရှိနေပါတယ်။ အဲဒီအနားရေပြင်မှာတော့ လေထိုးသက်ကယ်လှေပေါ်မှာ လူတွေ စုပြုံထိုင်နေကြသလိုမျိုး အရုပ်တွေနဲ့ သရုပ်ဖော်ထားပါတယ်။
ဆေ့ပ်က “လူသားမျိုးနွယ်အတွက် အင်မတန် ဝါဒကွဲတဲ့ ခေတ်ကာလကို ရောက်ရှိနေတယ်လို့ ထင်ပါတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ သိမ်မွေ့တဲ့ ကွဲလွဲမှုမျိုး လိုတယ်လို့ ထင်ပါတယ်။ ဆွေးနွေးငြင်းခုံမှုတွေ အားလုံးအတွက် အကြွင်းမဲ့အဖြေဆိုတာ တကယ်တော့ မရှိပါဘူး။ အဖြူအမည်း သဲကွဲတဲ့ အဖြေမျိုးဆိုတာ မရှိပါဘူး။ ကျနော်က ရှုပ်ထွေးပြီး သိမ်မွေ့တဲ့အရာမျိုး ပြချင်တာပါ။ ရွှေ့ပြောင်းအရေး ဆွေးနွေးငြင်းခုံမှုမှာ အပြုသဘောဆောင်တဲ့ အသိဉာဏ်ရှိတဲ့ ဆွေးနွေးမှုမျိုးဖြစ်အောင် ဒီလို သိမ်မွေ့တဲ့ ကွဲပြားမှုမျိုး လိုအပ်တယ်လို့ ထင်ပါတယ်။ လုံးဝကြီး ကွဲလွဲတာမျိုး မလိုပါဘူး။ ဒီလူတော့ မျက်နှာသာပေးတယ်၊ ဒီလူတော့ ဆန့်ကျင်တယ်၊ ဒီလူက နိုင်ငံရေးလက်ဝဲ၊ ဒီလူက လက်ယာဆိုတာမျိုး မလိုပါဘူး။ အတူလက်တွဲလုပ်ဖို့ သိမ်မွေ့တဲ့ ကွဲလွဲမှုမျိုး တကယ်လိုအပ်ပါတယ်” လို့ ပြောပါတယ်။
ဒီသရုပ်ဖော်မှုဟာ ပြင်သစ်ပရဟိတအဖွဲ့ SOS Mediterranee က အာဖရိကကနေ ဥရောပကို ဖြတ်ကျော်လာတဲ့ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းတွေကို ကယ်ဆယ်ခဲ့တာကို ဂုဏ်ပြုတာလို့ ဆိုပါတယ်။
“ဒီနေရာမှာ လေးရက်လောက် ရေးခဲ့ရပါတယ်။ ဒါက ဒရုန်းနဲ့ မှတ်တမ်းတင်ထားတာတွေပါ။ ဒါကြောင့် တပတ်လောက် ကြာသွားတယ်ပေါ့။ ပြင်ဆင်ချိန်ကလည်း တော်တော်များပါတယ်။ ဒီနေရာမှာပါ နည်းနည်း အချိန်ယူရပါတယ်။ ဒီအနုပညာလက်ရာက ရာသီဥတုပေါ်မူတည်ပြီး မိုးရွာမလား၊ မြက်တွေ မြန်မြန်ပြန်ထွက်မလား ဆိုတဲ့အပေါ် မူတည်ပြီး တပတ်နှစ်ပတ်လောက်တော့ ခံပါလိမ့်မယ်” လို့ ဆေ့ပ်က ဆိုပါတယ်။
ဒီမြက်ခင်းဆေးရေးပန်းချီကားကို ဆေးကြောပစ်နိုင်တဲ့ ပစ္စည်းတွေနဲ့ ရေးဆွဲထားတာဖြစ်ပြီး အိုလံပစ်ရေကူးကန် အများအပြား ပေါင်းထားတဲ့ အရွယ်လောက်ရှိသလို အပေါ်ကနေ စီးကြည့်မှ မြင်နိုင်လောက်အောင် ကြီးမားပါတယ်။