တရုတ်နိုင်ငံဟာ နိုင်ငံခြားသား ခရီးသည်တွေအတွက် ဗီဇာကင်းလွတ်ခွင့် မူဝါဒကို ထပ်တိုးချဲ့ခဲ့ပြီး အခုတော့ နိုင်ငံပေါင်း ၅၄ နိုင်ငံက ဧည့်သည်တွေဟာ နိုင်ငံတဝန်းက ဝင်ပေါက် ၃၇ ခုကနေ ဝင်လာခဲ့ရင် ၁၄၄ နာရီကြာ ဗီဇာကင်းလွတ်ခွင့် ထပ်မံတိုးမြှင့် ခွင့်ပြုလိုက်တယ်လို့ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာန NIA ရဲ့ ထိပ်တန်းအရာရှိက ဩဂုတ် ၁၉ ရက်မှာ ကြေညာပါတယ်။
တိုးချဲ့မူဝါဒဟာ တရုတ်နိုင်ငံရဲ့ ပွင့်လင်းမြင်သာမှု၊ ယုံကြည်မှုနဲ့ လုံခြုံရေးတို့ကို ခရီးသွားတွေ ပိုမိုတွေ့ကြုံ ခံစားရနိုင်စေတယ်လို့ NIA ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး လျိုဟေးထောင် က ပေကျင်းမြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
NIA ဟာ အရင်က ဟောင်ကောင်နဲ့ မကာအို အထူးအုပ်ချုပ်ရေးဒေသတွေကနေ ကွမ်တုံပြည်နယ်အထိ၊ နိုင်ငံခြားခရီးသွား အုပ်စုတွေအတွက် ဗီဇာကင်းလွတ်ခွင့် ၁၄၄ နာရီ၊ တရုတ်နိုင်ငံတောင်ပိုင်းက ကွမ်းရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်းမြို့ဆီ အာဆီယံနိုင်ငံတွေက ခရီးသွားအုပ်စုတွေအတွက် ၁၄၄ နာရီ ဗီဇာကင်းလွတ်ခွင့် စတဲ့ မူဝါဒတွေကို အရင်က မိတ်ဆက်ခဲ့ပြီးပါပြီ။
နိုင်ငံပေါင်း ၅၉ နိုင်ငံက ဟိုင်နန်ကျွန်း တောင်ပိုင်းဆီ လာရောက်လည်ပတ်သူတွေအတွက် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်၊ ကမ်းရိုးတန်းပြည်နယ်တွေဆီ အပျော်စီးသင်္ဘောနဲ့လာတဲ့ နိုင်ငံခြားခရီးသွား အုပ်စုတွေအတွက် ၁၄၄ နာရီ ဗီဇာကင်းလွတ်ခွင့်၊ ဟောင်ကောင်နဲ့ မကာအိုတို့က နိုင်ငံခြားခရီးသွား ဧည့်သည်တွေအတွက် ဟိုင်နန်ကျွန်းကို ၁၄၄ နာရီ ဗီဇာကင်းလွတ်ခွင့် တို့ကိုလည်း ထည့်သွင်းထားပါတယ်။
ဒီမူဝါဒ ၅ ရပ်ဟာ နိုင်ငံခြားခရီးသွား ဧည့်သည် ၅ ဒသမ ၉ သန်းကျော်ကို အကျိုးပြုခဲ့ပြီးပြီလို့လည်း လျိုက ပြောခဲ့ပါတယ်။
Source-Reuters