စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်း၊ ဗအိုးရွာကို စစ်တပ်က ဩဂုတ် ၁၉ ရက် မနက် ၁၁ နာရီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန် ရရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နမခစစ်တပ်ကနေ ဂျက်လေယာဉ်နဲ့ဗုံးလာကြဲလို့ သေဆုံးသူတွေကတော့ ကိုမင်းသူ အသက် ၃၀နဲ့ ဒဏ်ရာရရှိသူက မနွေးနွေးအောင် အသက် ၂၄ နှစ်နဲ့ မောင်စွမ်းထက်ပို ၁၂ နှစ်တို့ ဖြစ်ကြပါတယ်။
ဒေသခံရွာသားတဦးက “ကျနော်တို့ရွာကို မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ကို ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချခဲ့တာဗျ။ ၂ လုံးကတော့ ရွာအနီးက လယ်ကွင်းတွေထဲကျတယ်။ နောက်တလုံးကတော့ ရွာထဲကျတာဗျ။ အဲလိုကျလို့ ပြည်သူတဦး သေဆုံးတယ်၊ ၂ ဦး ဒဏ်ရာပြင်းထန်ရတယ်” လို့ ပြောပါတယ်။
ခင်ဦးမြို့နယ်အတွင်း ဩဂုတ် ၁၈ ရက်က မဒေါင်းလှပျူရွာကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာကလွဲလို့ မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့လည်း ခင်ဦးဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တွေက ပြောပါတယ်။
ခင်ဦးပြည်သူကာကွယ်ရေးတပ် ခေါင်းဆောင်တဦးက “ဒီနေ့ ဗအိုးရွာအနီးမှာ တိုက်ပွဲဖြစ်တာ မရှိဘူးဗျ။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း မရှိဘဲနဲ့ကို ဗအိုးရွာကို သက်သက် ဗုံးချသွားတာ။ ဒီစစ်ကောင်စီကတော့ ပြောစရာစကားကို မရှိတော့တာ။ သူတို့လုပ်နိုင်တာလည်း ဒါပဲရှိတော့တာ။ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်တဲ့သူတွေကိုတော့ အလှည့်ကျရင် မနွဲ့စတမ်းပေါ့ဗျာ” လို့ ပြောပါတယ်။
စစ်တပ်က အကြောင်းမဲ့ ဗုံးချတဲ့ ဗအိုရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး စစ်တပ်ရဲ့ ဗုံးကြဲချခဲ့တာကြောင့် ပြည်သူထိခိုက် သေဆုံးရသလို လူနေအိမ် ၁၀ လုံးနီးပါးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။