စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ မိုးမရွာလို့ ဒေသနေပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေ သောက်သုံးရေ အခက်အခဲဖြစ်နေပြီး မိုးခေါ်တဲ့ လွန်ဆွဲပွဲ ပြုလုပ်ကြရတယ်လို့ ကောလင်း ဒေသခံတွေက ပြောပါတယ်။
ဇွန် ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကောလင်းမြို့နယ် အနောက်ခြမ်းတနေရာမှာ မိုးခေါ်လွန်ဆွဲပွဲကို ၃ ရက်ဆက်တိုက်ပြုလုပ်ခဲ့တာပါ။
ကောလင်းမှာ မေလလယ်ပိုင်းကစပြီး မိုးမရွာတော့တဲ့အတွက် သောက်သုံးရေနဲ့ တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးရေ အခက်အခဲတွေ ကြုံနေတယ်လို့ သိရပါတယ်။
ကောလင်းစစ်ဘေးရှောင် အကူအညီပေးသူက “မိုးမရွာတာ ၂ လလောက်ရှိပြီ။ ဝါမဝင်ခင်စပါးတွေ ပျိုးထောင်ကတည်းက မိုးရေလိုတာ။ အဲဒီအချိန်မှာလည်း မိုးမရွာဘဲ မိုးခေါင်နေတာ။ ဒေသခံပြည်သူတွေလည်း စိုက်ပျိုးရေခက်ခဲသလို စစ်ဘေးရှောင်တွေကလည်း သောက်သုံးရေတွေ လိုအပ်တယ်။ မိုးမရွာလို့ အကုန်ခက်ခဲနေတော့ ဒေသတောဓလေ့အရ လွန်ဆွဲပွဲလုပ်ကြတာပါ။ ရေတွင်း ရေကန်တွေလည်း အကုန်ခန်းခြောက်နေတာပါ” လို့ ပြောပါတယ်။
ကောလင်းမြို့နယ်မှာ မိုးမရွာလို့ အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်အကျော်ထိ မြင့်တက်နေတယ်လို့လည်း အကူအညီပေးနေသူတွေက ပြောပြီး ကောလင်းမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေမှာ ကောလင်းမြို့သိမ်းတိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ပြည်သူ ၂ သောင်းကျော် မှီခိုနေထိုင်နေတယ်လို့ သိရပါတယ်။