စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူတွေအတွက် မိုးရာသီကာလ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေး အန္တရာယ်ကာကွယ်ဖို့ ခြင်ထောင်တွေ လှူဒါန်းခဲ့တယ်လို့ ကောလင်းပြည်သူမှ ပြည်သူသို့ အဖွဲ့ဆီက သိရပါတယ်။
ဇူလိုင် ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ တောတောင်တွေထဲ နေထိုင်တဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀ ကို တအိမ်ထောင်လျှင်ခြင်ထောင် တလုံးစီ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
ခြင်ထောင်တလုံးကို တန်ဖိုးငွေကျပ် ၂၀၀၀ နှုန်းနဲ့ အလှူရှင်တွေရဲ့ အကူအညီ တကယ်လိုအပ်နေတဲ့ အိမ်ထောင်စု ၂၅၀ စာအတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့တာဝန်ခံက “သွားလှူတဲ့နေရာမှာလည်း တကယ်လိုအပ်ပြီးတော့မှ ခြင်ကိုက်ခံရပြီးတော့မှ ရောဂါဖြစ်နိုင်တဲ့ အိမ်ထောင်စုတွေကို ရွေးလှူပေးခဲ့ပါတယ်။ အဲ့နေရာက လူတွေက သွေးလွန်တုပ်ကွေးရော၊ ငှက်ဖျားရော အများဆုံးဖြစ်တယ်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း တခါမှ မရဘူးဗျ တချို့ရွာတွေ စစ်ရှောင်စခန်းတွေကတော့ရတယ်ဗျ။ အခုကျ တောတောင်တွေမှာ ရှောင်ကြသူတွေဆိုတော့ ကျန်းမာရေးအထောက်အပံ့တခါမှ မရကြဘူး” လို့ ပြောပါတယ်။
ကောလင်းပြည်သူတွေဟာ စစ်ရှောင်ကာလ ၈ လကျော် ကြာမြင့်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း မရှိကြတဲ့အတွက် စားနပ်ရိက္ခာအခက်အခဲတွေလည်း ကြုံနေရတယ်လို့ သိရပါတယ်။