Home
မြန်မာသတင်း
ကနီမြို့နယ်က သံဃာတော်များ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်
DVB
·
July 4, 2024
Photo Crd-CJ
Photo Crd-CJ
Photo Crd-CJ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ရဟန်းသံဃာတော်တွေဟာ စစ်ကောင်စီတပ်ကို ဇူလိုင် ၃ ရက်မှာ  ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေကြပါတယ်။

ကံဆောင်ပွဲမှာပါ၀င်ခဲ့တဲ့ ကနီမြို့နယ်က ရဟန်းတော်တပါးက “စစ်တပ်က ရဟန်းသံဃာတော်တွေနဲ့ ပြည်သူတွေအပေါ်ကို အဓမ္မပြုကျင့်လာတဲ့အပေါ်မှာ ဦးပဥ္စင်းတို့က ဓမ္မနဲ့ ပြန်တိုက်တာပါ။ ကံဆောင်မှုမပြုရသေးဘဲ ကျန်နေသေးတဲ့ သံဃာတော်အရှင်သူမြတ်တွေကိုလည်း ဓမ္မနဲ့ဆန့်ကျင်ပြီး အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတဲ့ စစ်အုပ်စုကိုဆန့်ကျင်ပြီး ပတ္တနိက္ကုဇ္ဇနကံဆောင်ကြဖို့ တိုက်တွန်းလျှောက်ထားလိုပါတယ်” လို့ DVB ကို မိန့်ပါတယ်။

ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်ပွဲမှာ ရဟန်းသံဃာတော်တွေက စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်နဲ့ ဆက်နွှယ်သူတွေကို အဆက် အဆံမပြုလုပ်ကြဖို့ အလှူမခံဖို့ တညီတညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့တာလို့ ဆိုပါတယ်။

သံဃသမဂ္ဂ (မန္တလေး) အဖွဲ့၀င်ဆရာတော်တပါးက “အနယ်နယ်အရပ်ရပ်က သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲတွေ တစတစပြုလုပ်လာကြတာ နေ့စဥ်ကြားသိမြင်တွေ့နေရလို့ ကြည်ညိုမိပါတယ်။ ပြည်သူတွေအေးချမ်းစေဖို့ ဘုရားသားတော် ရဟန်းသံဃာတော်တွေအားလုံး ညီညွတ်ကြရမယ့်အချိန်ပါ” လို့ မိန့်ကြားပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပဲခူးမြို့၊ ၀င်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီးပျံတော်မူသွားပြီးတဲ့နောက် ဇွန် ၂၃ ရက်မှာ ချောင်းဦးမြို့နယ်က သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်မှုစတင်ခဲ့တာပါ။

ဒီနောက် ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မြိုင်၊ မုံရွာ၊ပခုက္ကူ၊ ၀က်လက်၊ ဘုတလင်၊ အရာတော်၊ မြင်းမူ၊ ထား၀ယ်၊ ပေါက်၊ ရေဦး၊ မြင်းခြံ၊ တောင်သာနဲ့ ကနီမြို့နယ်တွေက ရဟန်းသံဃာတော်တွေကလည်း ပူးပေါင်းပါဝင်လာတာ ၁၈ မြို့နယ်အထိရှိလာပြီ ဖြစ်ပါတယ်။

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ မန္တလေးမှာ ကျင်းပမယ့် ရွှေကျင်နိကာရသံဃအစည်းအဝေးတက်ဖို့ သွားရောက်စဥ် စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှု​ကြောင့် ဇွန် ၁၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013