Home
မြန်မာသတင်း
ခင်ဦးတွင် ဒုတပ်ကြပ် ၁ ဦး သေနတ် ၂ လက်ဖြင့် အလင်းဝင်
DVB
·
July 2, 2024
အလင်းဝင်ရောက်လာသူ ဒုတပ်ကြပ် ကျော်စိုး (Photo - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၊ ပြည်သူ့ဆေးရုံမှာ အထိုင်ချ တပ်စွဲနေတဲ့ စစ်ကောင်စီလက်အောက်ခံ အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဒုတပ်ကြပ်အဆင့်ရှိသူတဦးဟာ ဇွန် ၃၀ ရက် မနက် ၅ နာရီလောက်မှာ ခင်ဦးမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဆီကို အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံတဦးက “ခင်ဦးဆေးရုံမှာ လုံခြုံရေးတာဝန်ကျတဲ့ စစ်တပ်က ဒုတပ်ကြပ်အဆင့် ကျော်စိုးက သေနတ် ၂ လက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာပါ” လို့ DVB ကို အတည်ပြုပြောပါတယ်။

အလင်းဝင်ရောက်လာသူ ဒုတပ်ကြပ် ကျော်စိုးဟာ MA1 သေနတ် ၂ လက်၊ ကျည် ၂၁၀ တောင့်၊ ကျည်ဘောက် ၄ ခု၊ လက်ပစ်ဗုံး ၁ လုံးတို့နဲ့အတူ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

ခင်ဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “သူတာဝန်ကျတဲ့ ဆေးရုံထဲကနေ စျေးဝယ်ထွက်လာသလိုနဲ့ စျေးဘက်ကိုထွက်လာပြီး ကျနော်တို့အဖွဲ့နဲ့ ချိတ်ဆက် အလင်းဝင်ရောက်ခဲ့တာပါ။ သူတို့တပ်တွေထဲမှာရှိနေတဲ့ စစ်သားအချင်းချင်းလည်း သူ့မယုံ ကိုယ့်မယုံ ဖြစ်နေကြပြီးတော့ ဘယ်လိုနည်းနဲ့ ထွက်ပြေးရမလဲဆိုတာ အမြဲတွေးနေကြတဲ့သူတွေ များနေတယ်လို့ ကိုကျော်စိုးဆီကနေ သိရတယ်ဗျ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ ဒုတပ်ကြပ်ကျော်စိုးကို ဆုကြေးငွေပေးအပ်ဖို့နဲ့ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးဖို့လည်း စီစဥ်ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီလက်အောက်ကနေ ထွက်ပြေးပြီး အလင်းဝင်လိုတဲ့ စစ်ကောင်စီတပ်သားတွေ အနေနဲ့လည်း ခင်ဦးမြို့နယ် ပြည်သူ့ရင်ခွင်အဖွဲ့က ကြိုဆိုလျက်ရှိကြောင်းနဲ့ လွတ်မြောက်နယ်မြေတွေကို ဘေးကင်းလုံခြုံစွာ ရောက်ရှိစေဖို့ စီစစဥ်ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သားတွေအနေနဲ့ အမြန်ဆုံး အလင်းဝင်ရောက်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013