Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီ မှတ်ပုံတင်လျှောက်ထားမှု စစ်ကောင်စီ ပယ်ချ 
DVB
·
July 2, 2024

ရခိုင်ပြည်နယ်ရဲ့ အင်အားကြီးနိုင်ငံရေး ပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP)ကို စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင် (UEC)က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် လျှောက်ထားတာကို လက်မခံဘဲ ငြင်းပယ်လိုက်တယ်လို့ ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါ အချက်အလက်တွေနဲ့ ညီညွတ်မှုမရှိတာ တွေ့ရှိရလို့ ပါတီမှတ်ပုံတင် လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ(ဆ) နဲ့ ငြင်းပယ်လိုက်တာလို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ၂၀၂၃ ခုနှစ် မတ်လကုန်ပိုင်းကတည်းက စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ထံမှာ နိုင်ငံရေးပါတီမှတ်ပုံတင် လျှောက်ထားခဲ့တာဖြစ်ပြီး တနှစ်ကျော်အကြာမှာ ငြင်းပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ လူထုထောက်ခံမှုအများဆုံးပါတီတစ်ခုကို နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်လိုက်တာဟာ တမင်ရည်ရွယ်ပြီး ဖိနှိပ်တာမျိုးဖြစ်တယ်လို့ ရခိုင်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

“ရခိုင်ပြည်အတွင်း စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဆိုတာက မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့လည်း စစ်ကောင်စီက ရခိုင် လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ ပါတီတခုကို နိုင်ငံရေး လှုပ်ရှားခွင့်မပေးဘဲ ပယ်ထုတ်လိုက်တာကို ရခိုင်နိုင်ငံရေးသမားတွေကို တမင်ဖိနှိပ်တာ ဖြစ်ပြီးတော့ လက်နက်ကိုင်လမ်းစဉ်ကို တွန်းပို့လိုက်သလို ဖြစ်တယ်။”

ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ မဲဆန္ဒနယ် အများဆုံး အနိုင်ရရှိခဲ့တဲ့ နိုင်ငံရေးပါတီလည်း ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ(ANP)ကို နိုင်ငံရေးပါတီအဖြစ် လျှောက်လဲချက်က ငြင်းပယ်လိုက်တဲ့ အကြောင်းပြချက်ဖြစ်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ မှာ နိုင်ငံရေးပါတီအနေနဲ့ နိုင်ငံတော်အား လက်နက်ကိုင်ပုန်ကန်သူ(သို့) အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တဲ့ အဖွဲ့အစည်း (သို့) မတရားအသင်းအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း(သို့) အားပေးကူညီခြင်း မလုပ်ဆောင်ရဆိုပြီးတော့ ပြဋ္ဌာန်းထားတာတွေရှိပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်(UEC)က နိုင်ငံရေးပါတီမှတ်ပုံတင်လျှောက်ထားချက်က ငြင်းပယ်လိုက်တာနဲ့ ပတ်သတ်ပြီးတော့ ANP ပါတီဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၁၂ ခုနှစ်အစောပိုင်းက ရခိုင်အမျိုးသားပါတီဟာ စစ်ကောင်စီနဲ့ ပူးပေါင်းမှုတွေ ရှိခဲ့ပြီးတော့ ၂၀၂၁ ခုနှစ် မေလမှာ ပြန်လည်လမ်းခွဲခဲ့ကြပါတယ်။

လက်ရှိ စစ်ကောင်စီအဖွဲ့ဝင်အထဲမှာလည်း ANP ရဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါ်အေးနုစိန်နဲ့ ဦးဇော်အေးမောင်တို့ တာဝန်ထမ်းဆောင်နေကြဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024