ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) က သင်္ဘောတစီးဟာ ဩဂုတ် ၁၉ ရက် မနက် ၃ နာရီခွဲလောက်မှာ တရုတ်နိုင်ငံ နန်းရှာကျွန်းစုရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရှန်းဘင်ကျောင်း ကျောက်တန်းနဲ့ ကပ်လျက်က ရေပိုင်နက်ထဲကို တရားမဝင် ကျူးကျော်ဝင်ရောက်ပြီး တရုတ်ကမ်းခြေစောင့်တပ် (CCG) ရဲ့ သင်္ဘောတစီးကို တမင်ဝင်တိုက်ခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာ CCTV က ထုတ်ပြန်ပါတယ်။
PCG သင်္ဘော 4410 ဟာ ရုတ်တရက်လှည့်လာပြီး သူ့ဘယ်ဘက်ခြမ်းနဲ့ CCG သင်္ဘော 21551 ကို ဝင်တိုက်ခဲ့တယ်လို့ CCG ကပံ့ပိုးတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဖော်ပြထားပါတယ်။
ဖိလစ်ပိုင်သင်္ဘော 4410 နဲ့ 4411 တို့ဟာ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ နန်းရှာကျွန်းစုက ရှန်းဘင်ကျောင်း ကျောက်တန်းနားမှာရှိတဲ့ ရေပြင်ထဲကို တနင်္လာနေ့မှာ တရားမဝင် ဝင်ရောက်ကျူးကျော်ခဲ့တယ်လို့ တရုတ်ကမ်းရိုးတန်းစောင့်တပ် (CCG) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂံယုက ပြောပါတယ်။
ဖိလစ်ပိုင်ရေယာဉ် 4410 ဟာ တရုတ်ရဲ့ သတိပေးချက် အများအပြားကို လျစ်လျူရှုခဲ့ပြီး တရုတ်ကမ်းရိုးတန်းစောင့်သင်္ဘော 21551 ကို ပညာရှင်မဆန်ဘဲ အန္တရာယ်ရှိတဲ့ နည်းလမ်းနဲ့ တိုက်ခဲ့လို့ ပွန်းပဲ့ ပျက်စီးတာတွေ ရှိခဲ့တယ်၊ ဒီအဖြစ်အပျက်ရဲ့ တာဝန်ဟာ ဖိလစ်ပိုင်ဘက်မှာ လုံးလုံးတာဝန်ရှိတယ်လို့ ဂံယုက ဆက်ပြောပါတယ်။
မနက် ၆ နာရီလောက်မှာ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောဟာ တရုတ်ဘက်က သတိပေးချက်တွေကို ဖီဆန်ပြီး လမ်းကြောင်းထိန်းချုပ်မှုကို ဂရုမစိုက်ဘဲ ရန်နေးကျောင်း ရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ ဂံယုက ဆက်ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးနေတာကနေ ရပ်တန့်ဖို့နဲ့ ရန်စတဲ့ လှုပ်ရှားမှုတွေ မလုပ်ဖို့ တရုတ်က ဖိလစ်ပိုင်ကို တိုက်တွန်းခဲ့ပြီး မဟုတ်ရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအတွက် ဖိလစ်ပိုင်မှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ဂံယုက ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ရှန်းဘင်ကျောင်း အပါအဝင် နန်းရှာကျွန်းစုတွေပေါ်မှာ အငြင်းပွားနိုင်တဲ့ အချုပ်အခြာအာဏာ ရှိတယ်၊ ကပ်လျက်ရေပြင်မှာ တရုတ်ကမ်းခြေစောင့်တပ်က တရုတ်နိုင်ငံရဲ့ တရားစီရင်ပိုင်ခွင့်အောက်က ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးတွေကို ကာကွယ်ရင်း အမျိုးသားပိုင်နက် အချုပ်အခြာအာဏာနဲ့ ရေကြောင်းဆိုင်ရာ အခွင့်အရေးတွေကို ပြတ်ပြတ်သားသား ကာကွယ်သွားမယ်လို့လည်း ဂံယုက ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံ ဖုကျန်း ပင်လယ်ရေကြောင်းဘေးကင်းမှု စီမံခန့်ခွဲရေးရုံးနဲ့ တုံးဟိုင် ကယ်ဆယ်ရေးဗျူရိုတို့ဟာ ထိုင်ဝမ်ရေလက်ကြားမှာ စနေနေ့ကနေ တနင်္ဂနွေနေ့အထိ နာရီ ၃၀ ကြာ ရေကြောင်းကင်းလှည့်ခဲ့ပါတယ်။
ရေကြောင်းသွားလာမှု လုံခြုံစေရေးနဲ့ ရေကြောင်းလုံခြုံရေးကို သေချာစေရေးအတွက် ရည်ရွယ်တယ်ဆိုတဲ့ ဒီစစ်ဆင်ရေးမှာ တရုတ်ရေယာဉ် ၃ စင်း ပါဝင်ခဲ့ပါတယ်။
စီးပွားဖြစ်သင်္ဘောတွေနဲ့ ငါးဖမ်းသင်္ဘောတွေ မကြာခဏတိုက်မိပြီး မတော်တဆမှုတွေ ခဏခဏ ဖြစ်လေ့ရှိတဲ့ အန္တရာယ်များတဲ့ ဇုန်တွေကို ပစ်မှတ်ထားပြီး နာရီပေါင်း ၃ဝ အတွင်း ရေမိုင် ၄၁၃ မိုင် အရှည်ကို ဒီရေယာဉ်စုက ကင်းလှည့်ခဲ့တာပါ။
ဒီအရေးကြီးတဲ့ ရေလမ်းအတွင်း ရေကြောင်းချိုးဖောက်မှုတွေကို နှိမ်နင်းပြီး ရေကြောင်းသွားလာမှုဆိုင်ရာ တင်းကျပ်တဲ့ အမိန့်တွေကို ချမှတ်ရင်း လုံခြုံရေးကို အာမခံခဲ့တယ်လို့ CCTV သတင်းဌာနက ထုတ်ပြန်ပါတယ်။
ရေယာဉ်စုဟာ ရေကြောင်းသွားလာမှု စီမံခန့်ခွဲရေးအတွင်း နက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့လာခဲ့ပြီး ဖြတ်သန်းသွားနေတဲ့ ရေယာဉ်တွေကို စစ်ဆေးခဲ့တဲ့အပြင် အရေးပေါ်ကယ်ဆယ်ရေး အစီအစဉ်တွေကို စမ်းသပ်ခဲ့ပါတယ်။
ကင်းလှည့်ရင်း ရေကြောင်းဆိုင်ရာ အကူအညီတွေ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်စေဖို့နဲ့ ရေကြောင်း ရေဒီယိုဆက်သွယ်ရေး လမ်းကြောင်းကို ထိန်းသိမ်းတာတွေကိုလည်း အလေးထား ဆောင်ရွက်ခဲ့ပါတယ်။
ထိုင်ဝမ်ရေလက်ကြားဟာ တရုတ်နိုင်ငံရဲ့ ကမ်းရိုးတန်းကုန်သွယ်မှုအတွက် အရေးပါတဲ့ အသက်သွေးကြောတခုဖြစ်ပြီး အသွင်မတူတဲ့ သင်္ဘောတွေ နေ့စဉ် သွားလာနေတာပါ။
ပို့ဆောင်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ရေယာဉ်အန္တရာယ်ကင်းရှင်းရေး ကြီးကြပ်မှုအောက်မှာ အဓိကကျတဲ့ နေရာတွေထဲက တခုဖြစ်တယ်လို့ CCTV သတင်းဌာနက ပြောခဲ့ပါတယ်။
Source-Reuters