ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ သြဂုတ် ၁၆ ရက် ဒီနေ့မနက်ပိုင်းက သေနတ်သံတွေ ထွက်ပေါ်ခဲ့ပြီးနောက် မြို့ခံတွေ ထိတ်လန့်တုန်လှုပ်နေကာ ကောလာဟလအမျိုးမျိုး ထွက်ပေါ်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ပုသိမ်မြို့ ကမ်းနားလမ်း ရေတပ်ဒေါက်ကျဉ်း ၂၅/၂၆ မှာ သေနတ်သံတွေ ထွက်ပေါ်လာပြီးနောက် ပုသိမ်မြို့ခံတွေ ထိတ်လန့်တုန်လှုပ်ကာ ကောလာဟလ အမျိုးမျိုးကြောင့် ကျောင်းတက်နေတဲ့ ကျောင်းသား ကျောင်းသူတွေကို မိဘတွေက ပြန်ခေါ်ခဲ့ကြတယ်လို့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။
ပုသိမ်မြို့ ကမ်းနားလမ်းမှာ နေထိုင်သူတဦးက “AA က ဝင်လာတာရော၊ ပြောက်ကျားတပ်ဖွဲ့တွေက ဝင်ပစ်တယ် ဆိုတာရော၊ ရေတပ်ထဲမှာ လက်နက်စမ်းတာ ဆိုတာရော အမျိုးမျိုးပြောနေကြတာ။ သားသမီးတွေကို စိုးရိမ်ကြတဲ့ မိဘတွေကတော့ ကျောင်းကနေ သွားပြန်ခေါ်ကြတယ်။ အခုတော့ အစစ်အဆေးတွေ လုပ်နေကြတယ်” လို့ ပြောပါတယ်။
အဲဒီလို ပစ်ခတ်သံတွေ ထွက်ပေါ်ပြီးနောက် အမှတ် ၉ ရပ်ကွက် သင်္ဘောကျဉ်းဘက်ကို စစ်ကား ၃ စီး၊ အိမ်စီးကား ၃ စီးတို့နဲ့ အမှတ် ၂ တံတားထိပ်ကို မောင်းနှင်သွားပြီး အဲဒီတံတားမှာ အတက်အဆင်းပြုလုပ်နေတဲ့ ကားတွေကို တားဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပုသိမ်လေတပ်ရှေ့ တိုးဂိတ်နားထိ စစ်ကောင်စီ လေတပ်နဲ့ ကြည်းတပ်၊ ရဲတပ်ဖွဲ့တွေက ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို စစ်ဆေးနေတယ်လို့လည်း ပုသိမ်မြို့ခံတွေက ပြောပါတယ်။
အမှတ် ၉ ရပ်ကွက်မှာ နေထိုင်သူတဦးက “ဒီနေ့မနက် သေနတ်သံလည်း ကြားရ၊ သူတို့တွေ ခြေရှုပ်နေကြတော့ မြို့ကလူတွေလည်း တော်တော် အထိတ်တလန့် ဖြစ်နေရတယ်။ သေနတ်သံကြားပြီး ဆိုင်တချို့တောင် ပိတ်သွားသေးတယ်။ သူတို့ လက်နက်စမ်းတာ ဆိုရင်လည်း ပြည်သူလူထုကို ကြိုအသိပေးရမယ်လေ” လို့ ပြောပါတယ်။
လက်ရှိ AA တိုက်ခိုက်နေတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့ကို သိမ်းပိုက်ပြီးရင် AA က ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ငရုတ်ကောင်းမြို့တွေအထိ ရောက်ရှိလာနိုင်တယ်လို့ ပုသိမ်မြို့ခံတွေကြားမှာ ပြောဆိုနေကြပါတယ်။