ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်က ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ မူလရာထူးအတိုင်း တာဝန်တွေ ပြန်ထမ်းဆောင်ဖို့ MNDAA ကိုးကန့်တပ်တွေက ထုတ်ပြန်ထားပါတယ်။
အဲဒီလို ဝန်ထမ်းတွေခန့်အပ်တဲ့အခါ CDM လှုပ်ရှားမှုမှာပါဝင်လို့ အကျဉ်းချခံခဲ့ရတဲ့သူတွေကို ဦးစားပေး ခန့်အပ်သင့်တယ်လို့ CDM ဝန်ထမ်းတွေက တိုက်တွန်းပါတယ်။
လားရှိုးမြို့ကို MNDAA ကိုးကန့်တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ မူလရာထူးအတိုင်း တာဝန်ထမ်းဆောင်ဖို့ MNDAA ကိုးကန့်တပ်က ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ထားတာပါ။
အဲဒီထုတ်ပြန်ချက်အတိုင်း MNDAA က ဌာနဆိုင်ရာ ယန္တရားတွေ ပြန်လည် လည်ပတ်မယ်ဆိုရင် CDM ပြုလုပ်လို့ စစ်ကောင်စီက ဖမ်းဆီး အကျဉ်းချခံခဲ့ရတဲ့သူတွေကို ဦးစားပေး ခန့်အပ်သင့်တယ်လို့ CDM ဝန်ထမ်းတွေက ပြောကြားလိုက်တာပါ။
မြို့သိမ်းတိုက်ပွဲအတွင်း လားရှိုးအကျဉ်းထောင်ပွင့်ခဲ့လို့ လွတ်မြောက်လာသူတွေအထဲမှာ နိုင်ငံရေးကြောင့် အကျဉ်းကျခံနေရသူ ၂၀၀ ကျော် ပါဝင်ပါတယ်။ အဲဒီထဲမှာ ရှမ်းမြောက်အတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက CDM ဝန်ထမ်းတွေလည်း ပါဝင်လာပါတယ်။
CDM ဝန်ထမ်းတွေဟာ ရာထူးနဲ့ လုပ်သက်တွေကို စွန့်လွှတ်ပြီး ပြည်သူ့ဘက် ရပ်တည်လာခဲ့တာကြောင့် စစ်တပ်က အာဏာသိမ်းတဲ့ ၃ နှစ်ခွဲကျော်ကာလအတွင်း အလုပ်လက်မဲ့ ဖြစ်နေသူတွေ များပါတယ်။
MNDAA ကိုးကန့်တပ် ဦးဆောင်တဲ့ လားရှိုးအုပ်ချုပ်ရေးအဖွဲ့က CDM ဝန်ထမ်းတွေကို မူလရာထူးအတိုင်း တာဝန်အပ်နှင်းမယ့်အပေါ် ကြိုဆိုတယ်လို့လည်း CDM ဝန်ထမ်းတဦးက ပြောပါတယ်။
နွေဦးတော်လှန်ရေးမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းတွေ သိန်းနဲ့ချီ ပါဝင်ခဲ့ပါတယ်။
နွေဦးတော်လှန်ရေး အောင်မြင်ဖို့ နိုင်တဲ့ဘက်ကနေ ပါဝင်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေကို တိုင်းရင်းသားတပ်တွေအပြင် တော်လှန်ရေးအင်အားစုတွေက လူမှုဘဝ ပြန်လည်ထူထောင်ရေးနဲ့ လုံခြုံရေးအတွက် အာမခံပေးဖို့ CDM ဝန်ထမ်းတွေက မျှော်လင့်နေကြပါတယ်။
ခွန်ဇော်ဦး