Home
မြန်မာသတင်း
ကျိုက်ထိုတွင် မောင်နှမ ၂ ဦး ဖမ်းဆီးခံရ
DVB
·
August 15, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ မောင်နှမ ၂ ဦးကို စစ်မှုထမ်းဖို့နဲ့ ‌PDF ထောက်ပို့ခဲ့တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ရဲစခန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ တိုးချဲ့ ၄ လမ်းမှာ နေထိုင်တဲ့ မောင်ပြည့်စုံထွန်းကို ဩဂုတ် ၁၂ ရက်မှာ စစ်ကောင်စီတပ်သားတွေက စစ်မှုထမ်းစာရင်းထဲ ပါတယ်ဆိုပြီး မြို့ထဲမှာ ပိတ်ပြီး ဖမ်းဆီးခဲ့ပါတယ်။

ဩဂုတ် ၁၃ ရက် မနက် ၁၀ နာရီလောက်မှာလည်း မောင်ပြည့်စုံထွန်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ်သားတွေက အင်အားအများအပြားနဲ့ ဝိုင်းပြီး သူ့ရဲ့အမဖြစ်သူကို PDF ထောက်ပို့တယ်ဆိုပြီး ထပ်မံဖမ်းဆီးခဲ့ပါတယ်။

“ပထမ ကောင်လေးကို စစ်မှုထမ်းဖို့ဆိုပြီး မြို့ထဲမှာ ပိတ်ဖမ်းလိုက်တာ။ သူနဲ့ အဆက်အသွယ် မရသေးတော့ ဘယ်နေရာမှာ ဘယ်အချိန်မှာ ဖမ်းသွားတယ် ဆိုတာတော့ သေချာမသိဘူး။ သူက ပထမတည်းက စစ်မှုထမ်းဖို့ စစ်တပ်က လိုက်ရှာနေတာ။ သူဖမ်းခံရပြီးတော့ နောက်နေ့မှာ သူ့အမကို ထပ်ဖမ်းသွားတာ။ PDF ထောက်ပို့လို့တော့ ပြောသွားတာ” လို့ ပြောပါတယ်။ (ဘယ်သူပြောမှန်းမပါ)

ဖမ်းဆီးသွားတဲ့ မောင်နှမ ၂ ဦးကို လက်ရှိမှာ စစ်ကောင်စီတပ်သားတွေက အမှတ် ၄၄ ခြေမြန်တပ်ရင်းမှာ ထိန်းသိမ်းထားတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ပထမတယောက်ကို စစ်မှုထမ်းဖို့ ဖမ်းသွားပြီး ဖုန်းတွေဘာတွေ စစ်ရင်းနဲ့ကနေ PDF ထောက်ပို့ထားတယ်ဆိုတာ သိထားရတယ်။ နောက်နေ့မှာ သူ့အစ်မကို ထပ်ဖမ်းသွားတာ။ အခုအခြေအနေက သူတို့ စစ်ဆေးနေတုန်းပဲ၊ ဘာဆက်လုပ်သွားမယ်ဆိုတာ မသိသေးဘူး။”

ဖမ်းဆီးခံရတဲ့ မောင်နှမ ၂ ဦးနဲ့ ပတ်သက်ပြီး မိသားစုတွေက တပ်မ ၄၄ ခမရ ခြေမြန်တပ်ရင်းမှာ သွားရောက်မေးမြန်းခဲ့ပေမဲ့ စစ်ကောင်စီတပ်သားတွေက မောင်းထုတ်ခဲ့တယ်လို့ မိသားစုဝင်တွေထံကနေ သိရပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကောင်စီကလည်း ကျိုက်ထိုမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို ဖမ်းဆီးမှု အများအပြားရှိနေပြီး ဆိုင်ကယ် ၂ ယောက်စီးခွင့်လည်း ပိတ်ပင်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013