Home
မြန်မာသတင်း
ကရင်ပြည်နယ်၌ မိုးစပါးဧက ၁၁၀၀၀ ကျော် ရေကြီးနစ်မြုပ်ပြီး ပြန်လည်မစိုက်ပျိုးနိုင်
DVB
·
August 15, 2024

ကရင်ပြည်နယ်အတွင်းမှာ စိုက်ပျိုးပြီး မိုးစပါးဧက ၁၁၀၀၀ ကျော် ရေကြီးနစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးခဲ့တဲ့ စပါးခင်းတွေကို နယ်မြေမတည်ငြိမ်မှုတွေကြောင့် ပြန်လည်လုပ်ကိုင်သူ မရှိဘူးလို့ မွန်-ကရင် နယ်စပ်က လယ်စိုက်တောင်သူတွေက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း ဇူလိုင်  ၂၂ ရက်ကစတင်  မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် ရေကြီးရေလျှံပြီး ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့တွေမှာ စိုက်ပျိုးပြီး မိုးစပါးခင်းတွေနဲ့ အစေ့ထုတ်ပြောင်းစိုက်ခင်းတွေ ရေနစ်မြုပ်ခဲ့ပါတယ်။

မွန်-ကရင် နယ်စပ်က လယ်စိုက်တောင်သူတွေဟာ ရေနစ်မြုပ်ပျက်စီးခဲ့တဲ့ မိုးစပါးခင်းတွေ အစားထိုး စိုက်ပျိုးလုပ်ကိုင်ဖို့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ပြန်လည်လုပ်ကိုင်သူမရှိဘူးလို့ လယ်စိုက်တောင်သူတွေက ပြောပါတယ်။

လယ်စိုက်တောင်သူတဦးက “ဒီဘက်က စပါးခင်းတော်တော်များများ ၈၀ ရာခိုင်နှုန်းလောက် သေကုန်ပြီ။ ထပ်ပြီးတော့ စိုက်ပျိုးနိုင်ဖို့က အခုလက်ရှိက မရှိဘူး။  မျိုးပျိုးပင်ပေးတဲ့သူက မရှိဘူး။ လက်ရှိ နိုင်ငံရေးအခြေအနေတွေကြောင့်လည်း စိုက်ပျိုးလို့လည်း မရဘူး။ လက်ရှိ နယ်မြေအခြေအနေက နွေရောက်ရင် ဘယ်လိုလာမလဲ မသိသေးဘူး။ ဒီနှစ် အစိုးရဘက်က ထောက်ပံ့တာ ဘာမှမကြားဘူး။ ရရင်တောင် စိုက်ပျိုးသူ မရှိဘူး။ လယ်သမားတွေအတွက် စရိတ်စက က ကြီးမြင့်တာလည်း ပါတယ်”လို့ ပြောပါတယ်။

ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးဖို့ ၄ သိန်းကျော် လျာထားပြီး စိုက်ပျိုးပြီးဧက ၁၁၀၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့တာကြောင့် ဧက ၂၅၀၀ ထိခိုက်ခဲ့ပြီး ဧက ၂၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဒါ့အပြင် မြဝတီမြို့နယ်အတွင်း စိုက်ပျိုးပြီး အစေ့ထုတ်ပြောင်း ဧက ၁၆၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ပျက်စီးဆုံးရှုံးတာမရှိဘူးလို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက ကောက်ခံရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

လယ်စိုက်တောင်သူတွေဟာ စပါးစိုက်ပျိုးကုန်ကျစရိတ်က တဧကကျပ် ၃ သိန်းခွဲ၊ ဓာတ်မြေဩဇာ တအိတ်ကျပ် ၂ သိန်း၊ ပိုးသတ်ဈေး၊ ခြွေလှေ့ခ စတဲ့ကုန်ကျစရိတ်အပြင်  စက်သုံးဆီဈေးနှုန်း ကြီးမြင့်ပြီးဝယ် ယူမရတာ၊ သွင်းအားစုနဲ့ လုပ်သားရှားပါးတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ရေကြီးနစ်မြုပ်ခဲ့ရတဲ့ လယ်စိုက်တောင်သူတွေကို စစ်အာဏာမသိမ်းခင်က မတည်ငွေ၊ မြေဩဇာအိတ် ထောက်ပံ့တာတွေရှိပြီး အခုတခုမှ ရတာမရှိဘူးလို့ လယ်စိုက်တောင်သူတွေက ပြောပါတယ်။

လယ်စိုက်တောင်သူတဦးက “အခုက ထောက်ပံ့တာတွေ ပြောသံတော့ ကြားတယ်။ တခါမှတော့ မရဖူးဘူး။ လယ်သမားတွေ အစည်းအဝေးထိုင်ပြီး ကူညီပေးတာ မကြားဘူး။ တွေ့လည်း မတွေ့ဘူး။ ဆုံလည်း မဆုံဘူး။ အရင်ခေတ်က ရှိတယ် အခုတော့ မရှိဘူး။ ပေးလည်း မပေးဘူး။ အခုက ကိုယ်ထူကိုယ်ထနဲ့ လုပ်နေရတယ်”လို့ ပြောပါတယ်။

ဩဂုတ် ၁၀ ရက် မနက် ၉ နာရီက ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ရေကြီး နစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စပါးခင်းတွေကို ပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်ဖို့  ဘားအံ၊ လှိုင်းဘွဲ့၊ ပိုင်ကျုံ၊ ရှမ်းရွာသစ်မြိုနယ်၊  ကျေးရွာအုပ်စု ၁၈ အုပ်စုအတွင်းက တောင်သူတွေကို မျိုးစပါး ၂၀၀ တင်း၊ ယူရီးယားဓာတ်မြေဩဇာ (50 Kg)ပါ  ၁၀၀ အိတ်၊ ပိုတက်ရှ်ဓာတ်မြေဩဇာ ၁၀၀ အိတ်နဲ့ ဆေးဖျန်းပုံး ၂၀ လုံးကို ထောက်ပံ့ပေးအပ် ကရင်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်အတွင်းက ထိခိုက်ပျက်စီးခဲ့တဲ့ စပါးခင်းတွေအတွက် မျိုးစပါးနဲ့ ယူရီးယားဓာတ် မြေဩဇာအိတ်၊ ပိုတက်ရှ်ဓာတ်မြေဩဇာအိတ်ကို ထောက်ပံ့ပေးသွားမယ်လို့  ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက  သိရပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013