Home
ဆောင်းပါး
ကရင်တို့၏ သစ်တောများကို ကာကွယ်ခြင်း၊ စစ်အာဏာသိမ်းပြီးနောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုများ
နော်နိုရင်း
·
August 1, 2024

“ရှင်သန်ခြင်းရဲ့ မျိုးစေ့များ” Seed of life လို့ အမည်ထားတဲ့ မှတ်တမ်းဗီဒီယိုတခုကို ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN) နှင့် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်အဖွဲ့ (Salween Peace Park) တို့က ပူးတွဲရိုက်ကူးခဲ့ပြီး  ဇူလိုင် ၁၆ ရက်က မိတ်ဆက်ဖြန့်ချိခဲ့ပါတယ်။

ဒီရုပ်သံမှတ်တမ်းမှာ အဓိကအားဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ မူတြော်ခရိုင်၊ တပ်မဟာ ၅ နယ်မြေအတွင်းရှိ ဌာနေတိုင်းရင်းသားတို့ ခေတ်အဆက်ဆက် ရိုးရာမပျက် ထိန်းသိမ်းလာတဲ့ သီးနှံမျိုးစေ့အကြောင်း ထင်ဟပ်ပြသထားတဲ့ ရုပ်သံဖြစ်ပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် (မူတြော်) ခရိုင်ဟာဆိုရင် ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းအခြေချကြရမယ့် ရာသီအလိုက် ဒေသထွက် သီးနှံမျိုးစေ့တွေကို အခြောက်လှန်းကာ သဘာဝအတိုင်း သိုလှောင်ထားပြီး မျိုးစေ့တွေ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

ဒီလို သီးနှံမျိုးစေ့တွေကို နှစ်ရာနဲ့ချီပြီး ထိန်းသိမ်းလာခဲ့ကြပုံ အဆင့်ဆင့်ကို  ဒီရုပ်သံမှတ်တမ်းမှာ တွေ့ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံရဆုံးနိုင်ငံတွေထဲမှာ တနိုင်ငံအဖြစ် ပါဝင်နေသလို ဒီကနေ့အချိန်ထိလည်း စစ်ဘေးပါ ကြုံတွေ့နေရတာကြောင့် ကပ်ဘေးပေါင်းစုံ ရင်ဆိုင်နေရတဲ့ကြားထဲက မူတြော်ခရိုင်က ဌာနေတိုင်းရင်းသားတွေဟာ သူတို့ရဲ့ ရိုးရာဓလေ့အတိုင်း မျိုးစေ့တွေမပြတ်အောင် ထိန်းသိမ်းလာခဲ့ကြတာပါ။

သူတို့ရဲ့ ထိန်းသိမ်းနည်းကတော့ ရိုးရှင်းပါတယ်။ စပါးမျိုးစေ့ အပါအဝင် ရာသီပေါ် သီးနှံတွေကို အခြောက်လှန်းကာ သဘာဝအတိုင်း သိုလှောင် ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ် ဖာပွန် တဖြစ်လဲ မူတြော်ခရိုင်မှာ အခုလို မျိုးစေ့တွေ ခေတ်အဆက်ဆက်  ထိန်းသိမ်းထားသလိုပဲ “ကော်” လို့ခေါ်တဲ့ ကရင့်ထုံးတမ်း မြေစီမံခန့်ခွဲမှုစနစ်တွေ၊ ဒေသနေ ပြည်သူအစုအဖွဲ့ပိုင် သစ်တော၊ ဘေးမဲ့တောတွေနဲ့ ရိုးရာပရဆေး သစ်တောတွေကိုလည်း ဒေသခံတွေကိုယ်တိုင် စီမံခန့်ခွဲပြီး ပြုစုထိန်းသိမ်းထားပါတယ်။

“ကော်” ဆိုတာကတော့ မြစ်ဝှမ်းနှစ်ခုကြားက မြစ်ကြောင်းတွေ၊ ရေစီးဆင်းရာ ကမ်းတွေ၊ မြစ်သိမ်တွေ နဲ့ တောင်ထိပ်တွေကို ရှင်းလင်းဖို့ ခွင့်မပြုထားဘဲ အဆိုပါမြေနေရာတွေမှာ ဇီဝစုံလင်ကွဲပြားမှု ဆက်လက်ရှင်သန်နိုင်ဖို့နဲ့ ဘေးမဲ့တောတွေနဲ့ ဂေဟဗေဒစင်္ကြံအဖြစ် ဆောင်ရွက်ပေးထားပါတယ်။

ဒီလို ထူထောင်ရာမှာ ကရင်အမျိုးသားအစည်းအရုံးရဲ့ သစ်တောဌာနနဲ့ ကရင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်တို့ကနေပြီး သူတို့ကို နည်းဗျူဟာအရ ပံ့ပိုးပေးထားတာ ဖြစ်ပါ တယ်။

ကော်သူးလေ သစ်တောဌာနရဲ့ ပြုစုထုတ်ပြန်ချက်အရ KNU ထိန်းချုပ်နယ်မြေ ခရိုင် ၇ ခုမှာ  ဒေသခံ ကရင်ပြည်သူတွေဟာ  “ရပ်ရွာသစ်တော ၂၁၄ ခု၊ ပရဆေးသစ်တော ၄ ခု ဧရိယာအားဖြင့် ၃၃၈,၅၄၁ ဧက၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၁၈ ခု ဧရိယာ ၅၇၂,၇၉၁ ဧက၊ ကြိုးဝိုင်းတော ၁၀၈ ခု ဧရိယာ ၅,၁၁၆,၂၈၄ ဧက၊ ရေဝေရေလဲ ၈ ခု ဧရိယာအားဖြင့် ၁,၉၃၃ ဧကနဲ့ ဓလေ့ထုံးတမ်းမြေဧရိယာ ၃၄၄ ခု ဧကအားဖြင့် ၂,၂၅၂,၀၄၀ ဧကရှိကြောင်း ဖော်ပြထားပါတယ်။

KNU ခရိုင် ၇ ခုကတော့ သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ထားဝယ်ခရိုင်၊ ဖာပွန်ခရိုင်၊ ဒူပလာယာခရိုင်နဲ့ ဘားအံခရိုင် စတဲ့ ခရိုင် ၇ ခုဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ အတွင်းက ခရိုင် ၇ ခုက ဒေသအခြေပြု သစ်တောတွေ ထူထောင်ဖို့ ၂၀၀၄- ၂၀၀၅ ခုနှစ်က စတင်လှုပ်ရှားလာခဲ့ကြပါတယ်။ သစ်‌တောပြုန်းတီးမှုကို ကာကွယ်‌တဲ့အနေနဲ့ ပြန်လည်ထိန်းသိမ်းရေး အစီအစဉ်တွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ဘာကြောင့် ဒီလိုလှုပ်ရှားလာရလဲ

၁၉၉၅ ခုနှစ် ကရင်အမျိုးသားအစည်းရုံး (KNU) ရဲ့ ဌာနချုပ် မာနယ်ပလော မကျခင်ကတည်းက စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ဖို့ လိုအပ်နေတဲ့ ငွေကြေးလက်နက်တွေကို သစ်ထုတ်လုပ်မှုကနေ ဝင်ငွေရှာခဲ့ပြီး ၁၉၉၅ ခုနှစ် မာနယ်ပလော  ကျသွားပြီးတဲ့နောက် KNU နယ်မြေတွင်းက ထိန်းသိမ်းထား ခဲ့တဲ့ သစ်တောတွေမှာ သစ်ထုတ်လုပ်မှု အကြီးအကျယ် လုပ်ဆောင်ခဲ့ကြလို့ သစ်တောပြုန်းတီးမှု များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် သစ်တောတွေ အပါအဝင် ကရင်ပြည်နယ် အတွင်းပိုင်းဒေသတွေအထိ သစ်ပင်ခုတ်လှဲ ထုတ်လုပ်မှုတွေ အကြီးအကျယ် လုပ်ခဲ့ကြပြီး ဒေသနေ ပြည်သူတွေရဲ့ အသက်မွေးဝမ်း ကျောင်း ထိခိုက်လာမှု၊ မလုံခြုံတော့၊ တောရိုင်းတိရစ္ဆာန် ပြုန်းတီးလာမှုကြောင့် ဒေသခံပြည်သူ ကိုယ်တိုင်ကပဲ ဒီသစ်တောတွေကို ပြန်လည်ထိန်းသိမ်းဖို့ ကရင်သဘာဝအရေး လှုပ်ရှားသူတွေ တိုက်တွန်းမှုတွေ ရှိလာခဲ့ကြပါတယ်။

ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN) ပူးတွဲတည်ထောင်သူနဲ့ ဒါရိုက်တာ စောပေါလ်စိန်ထွားက “KNU သစ်တောကျွန်းဝိုင်းတွေဆိုရင် DKBA တခေတ်မှာ အဲဒီကျွန်းဝိုင်းတွေအားလုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒါလည်း အဲဒီအချိန်က နအဖရဲ့ နိုင်ငံခြားငွေရ ရှိဖို့အတွက် KNU နယ်မြေတွေထဲမှာရှိတဲ့ သစ်တောကျွန်းဝိုင်းအားလုံး ထုတ်လုပ်ရောင်းချခဲ့တာပေါ့” လို့  ပြောပါတယ်။

၂၀၁၅ ခုနှစ်လောက်မှာတော KNU က သစ်တောပေါ်လစီကို ချမှတ်ခဲ့ပြီး “ကော်” လို့ခေါ်တဲ့ ကွန်မြူနတီနယ်မြေ သစ်တော၊ ရေ၊ မြေ၊ တောရိုင်းတိရစ္ဆာန်နဲ့ ဌာနေပြည်သူတွေရဲ့ ရိုးရာဓလေ့ ပြန်လည်ထိန်းသိမ်းရေး စီမံသတ်မှတ်ချက်တွေ စတင်ထူထောင်လာခဲ့ကြပါတယ်။

အခုဆိုရင် “သံလွင်ငြိမ်းချမ်းရေးဥယျာဉ်” ကို တည်ထောင်ခဲ့သလို “သောသီတောဦး တိုင်းရင်း ဥယျာဉ်ကို” ထူထောင်နေပြီး အခု ၂၀၂၄ နှစ်ကုန်ပိုင်းမှာ တရားဝင်ကြေညာဖို့ ရှိနေပါတယ်။

ဒီလို ရပ်ရွာဒေသအခြေပြု သစ်တော၊ ရေ၊ မြေ၊ တောရိုင်းတိရစ္ဆာန်နဲ့ ဌာနေပြည်သူတွေရဲ့ ရိုးရာဓလေ့ ပြန်လည်ထိန်းသိမ်းရေးစီမံမှုတွေ ပြန်လည်ထူထောင်ရာမှာ ဒေသခံတွေကိုယ်တိုင်က စတင်စုဖွဲ့ပြီး လူမှုအခြေပြုအဖွဲ့တွေက ကူညီကာ KNU သစ်တောဌာနကလည်း နည်းပညာအရ ကူညီပြီး သတ်မှတ်ထူထောင်လာခဲ့ကြတာ ဖြစ်ပါတယ်။

စောပေါလ်စိန်ထွားက “ဒီ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်ဖို့ ကျနော်တို့ ကရင်ဌာနေတိုင်း ရင်းသားတွေ၊ ဌာနေတိုင်းရင်းသားတွေ လုပ်နိုင်တာက ကျနော်တို့ သစ်တောတွေကို ထိန်းသိမ်းဖို့ပဲ ဖြစ်ပါတယ်။ ကျနော်တို့ သစ်တောဖုံးလွှမ်းမှုတွေရှိရင် သဘာဝဘေးကြောင့် ထိခိုက်မှုဖြစ်စေ၊ အခက်အခဲဖြစ်စေမယ့်ဟာ ပိုပြီးနည်းပါးလာမှာဖြစ်တယ်” လို့ ပြောပါတယ်။

ရာသီဥတုပြောင်းလဲမှုနှင့် မြန်မာနိုင်ငံ

Climate Change လို့ခေါ်တဲ့ ရာသီဥတုပြောင်းလဲလာမှုကို ထိခိုက်ခံရဆုံး နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ နွေရာသီကာလမှာ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ထဲမှာ မြန်မာနိုင်ငံက ၇ မြို့အထိ ပါဝင်နေပြီး ချောက်မြို့မှာ ၄၈ ဒသမ ၂ ဒီဂရီစင်တီဂရိတ်နဲ့ ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။ ဒီလို အပူချိန်မြင့်မားမှုကြောင့် ပြည်သူတွေ သေဆုံးမှုတွေအထိ ရှိခဲ့သလို ခြောက်သွေ့ရာသီလည်း ပိုမိုရှည်လျားလာခဲ့ပါတယ်။

နောက်တခုက မိုးရာသီကာလည်း တိုတောင်းတဲ့ မိုးရာသီသာ ရှိပေမဲ့ မိုးရွာတဲ့အခါ မိုးကြီးပြီး မြေပြို၊ ရေကြီးမှုနဲ့ ဆက်စပ်ဇီဝအန္တရာယ်တွေ ထပ်တလဲလဲ ဖြစ်ပွားနေတဲ့ အခြေအနေမှာ ရှိပါတယ်။

ခြောက်သွေ့လွန်း သို့မဟုတ် မိုးများပြီး ရေကြီးရေလျှံမှုတွေကြောင့်လည်း စိုက်ပျိုးသီးနှံ ပျက်စီးတာ၊ စိုက်ပျိုးမြေ ပျက်စီးတာတွေ ဖြစ်လာတာကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာများစွာ ကြုံတွေ့လာနေရပါတယ်။

KESAN ဒါရိုက်တာ စောပေါလ်စိန်ထွားက  “ဒါက ကျနော်တို့နိုင်ငံ သဘာဝဘေးအန္တရာယ် ဖြစ်လာမယ်ဆိုရင် ကြိုတင်ပြင်ဆင်၊ ကြိုတင်ကာကွယ်တဲ့စနစ် မရှိနေတာ၊ အစိုးရတွေကလည်း ဒီလို ကြိုတင်ပြင်ဆင်မှုမရှိတာ၊ သဘာဝဘေးန္တရာယ်ဖြစ်လာရင် ဘယ်လိုတုံ့ပြန်ရမလဲဆိုတဲ့ စီမံချက်မျိုး မရှိတဲ့အတွက် ကျနော်တို့နိုင်ငံသားတွေက သူများနဲ့မတူဘဲ ပိုပြီးထိခိုက်ခံစားရတယ်”လို့ ပြောပါတယ်။

ပြင်းထန်ရာသီဥတုခံနိုင်ဖို့ ကရင်ဌာနေတိုင်းရင်းသားတွေရဲ့ သစ်တောထိန်းသိမ်းမှုစနစ်က အလုပ်ဖြစ်သလား

KNU ထိန်းချုပ်ဒေသ ကော်သူးလေနယ်မြေတွက် သစ်တောပြန်လည်ထောင်ရေး စီမံကိန်းတွေကို ဒေသခံတွေအနေနဲ့ လုပ်ဆောင်နေပေမဲ့ တဖက်က Satellite ဂြိုဟ်တုမြေပုံနဲ့ ကြည့်မယ်ဆိုရင် KNU ထိန်းချုပ်နယ်မြေ ကော်သူးလေဒေသတွင်းမှာ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း သစ်တော ဧရိယာ ပျမ်းမျှအားဖြင့် တနှစ်ကို ဟတ်တာ ၄၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ပျက်စီးနေတာကို တွေ့ရပါတယ်။

ဒီလို သစ်တောပျက်စီးတာဟာ သစ်ထုတ်လုပ်မှုတခုတည်း မဟုတ်ဘဲ ဌာနေတိုင်းရင်းသားတွေ ရှိနေရာတွေကို မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးတွေ ပစ်ခတ်၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေဟာ ရွှေ့ပြောင်းနေထိုင်ကြရကာ အသက်မွေးဝမ်းကျောင်းတွေအတွက် ရွှေ့ပြောင်း တောင်ယာ စိုက်ပျိုးကြပြီး နေအိမ်တွေ ပြန်လည်တည်ဆောက်ရာမှာလည်း သစ်ခုတ် ဝါးခုတ်မှုတွေကလည်း သစ်တောပြုန်းတီးမှုတွေ ဖြစ်ပေါ်လာတဲ့ အကြောင်းရင်းတရပ် ဖြစ်ပါတယ်။

အထူးသဖြင့် စီးပွားဖြစ်လုပ်ကိုင်လာတဲ့ ပြောင်းနဲ့ ပီလောပီနံ စိုက်ပျိုးမှုအပြင် တခြား စိုက်ပျိုးမှုတွေ ကြောင့်လည်း သစ်တောခုတ်ထွင်ရှင်းလင်းမှုတွေ ရှိနေပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဒေသခံအတွေအနေနဲ့ ကွန်မြူနတီသစ်တောတွေ၊ ဘေးမဲ့တောတွေ စတင်ထူထောင်ခဲ့တဲ့ ၂၀၀၄ ခုနှစ်လောက်နေ ဒီနှစ် ၂၀၂၄ အခု ၁၀ နှစ်အတွင်းမှာတော့ ဒေသခံတွေ ပြန်လည်ထူထောင်မှုပြုတဲ့ နေရာတွေမှာဆိုရင် သစ်တောပြုန်းတီးမှု အနည်းငယ်သာရှိပြီး များသောအားဖြင့် ပြန်လည်ကောင်းမွန်လာတာကို တွေ့ခဲ့ရကြောင်း စောပေါလ်စိန်ထွားက ပြောပါတယ်။

“ကျနော်တို့ ပံ့ပိုးထားတဲ့ ကွန်မြူနတီသစ်တောမှာ ကျနော်တို့ မော်နီတာ ပြန်လုပ်တဲ့အချိန်မှာ ပြန်လည်ကောင်းမွန်လာတာကို တွေ့ရတယ်။ စမ်းချောင်းလေးတွေမှာ စမ်းရေတွေ ပြန်ထွက်လာတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ ကြေးငှက်တွေလည်း ဒီကွန်မြူနတီ သစ်တောတွေမှာ ပြန်လာတာကို တွေ့ရတယ်။ ဒါတွေက ကျနော်တို့ evaluation ပြန်လုပ်ပြီး ဒေသခံတွေကို တွေ့ဆုံမေးမြန်းတဲ့အခါမှာ ဒေသခံကိုယ် တိုင် တင်ပြလာတဲ့ အချက်တွေ ဖြစ်တယ်။”

“Satellite မှာ ပြန်ကြည့်မယ်ဆိုရင်လည်း အဲဒီ ကွန်မြူနတီသစ်တောတွေမှာ သစ်တောပြုန်း တီးသွားတာ မရှိဘူး။ အနည်းငယ်ပြုန်းတီးမှုရှိပေမဲ့ အများအားဖြင့် ပြန်လည်ကောင်းမွန်လာတာကို တွေ့ရတယ်။ ဆိုတော့ ကျနော်တို့ပြန်ကြည့်ရင် ဒေသခံတွေ ကိုယ်တိုင် စီမံလုပ်ဆောင်တဲ့ ဒီသစ်တော ထိန်းသိမ်းမှုက ကောင်းမွန်တာကို တွေ့ရတယ်။ ဒါက သူတို့တွေအတွက် အာမခံချက်တခုဖြစ်တယ်။ ဘာလို့လဲဆိုတော့ အသက်ရှင်သန်နေထိုင်ရေးမှာ သစ်တောကို မှီခိုအားထားနေကြရလို့ ဖြစ်ပါတယ်။”

ပြန်လည်ဖြစ်ထွန်းလာတဲ့ သစ်တောကို KNU ဘယ်လို ပံ့ပိုးပေး

ကရင်ဌာနေတိုင်းရင်းသားတွေရဲ့ နယ်မြေတွေကို ကိုယ်တိုင်ထိန်းသိမ်းထားတဲ့ မြေနေရာသစ်တော တွေကိုတော့ KNU သစ်တောဌာနက နည်းပညာအရ ပူးပေါင်းကူညီမှုတွေရှိပေမဲ့ အဓိက စီမံခန့်ခွဲ ကွပ်ကဲတာကိုတော့ ဒေသခံ ဌာနေ တိုင်းရင်းသားတွေသာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ၁၆ ကြိမ်မြောက် ကွန်ဂရက်မှာတော့ ပျက်စီးသွားတဲ့ သစ်တောတွေကို ပြန်လည်ထူထောင်ဖို့ ရည်ရွယ်ပြီး ဇွန်လ ၁ ရက်နေ့ကို ကော်သူးလေ သစ်ပင်စိုက်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အဲဒီနှစ်မှာ မိုးခေါင်တဲ့အတွက် ဇွန်လ ၁ ရက်နေ့ သစ်ပင်တွေ စိုက်ပျိုးဖို့ သတ်မှတ်ခဲ့ပေမဲ့ ရာသီဥတု ပြောင်းလဲလာမှုကြောင့် စိုက်ပျိုးတဲ့သစ်ပင်တွေ ရှင်သန်မှု အားနည်းခဲ့ပါတယ်။ ဒါကြောင့် ၁၇ မြောက် KNU ကွန်ဂရက်မှာတော့ ဇူလိုင်လ တလလုံးကို သစ်ပင်စိုက်လအဖြစ် သတ်မှတ်ပြီး သစ်ပင်စိုက်ပျိုးမှု စီမံကိန်းတွေနဲ့ ချမှတ်ပြီး KNU သစ်တောဌာနက လုပ်ဆောင်လာခဲ့ပါတယ်။

KNU သစ်တောဌာနမှ ပဒိုမန်းဘထွန်းက “ဒီနေ့ ဒီအချိန်မှာ ကျနော်တို့ ကြည့်မယ်ဆိုရင် ကျနော်တို့ သစ်တောတွေဟာ ပြုန်းတီးလာနေတယ်။ ဒီလို သစ်တောပြုန်းတီးလာမှုကြောင့် ကျနော်တို့ အခက်အခဲမျိုးစုံ ကြုံတွေ့ရတယ်။ ရေခန်းသွားတာ၊ အပူချိန်လွန်ကဲတာ၊ သီးနှံအထွက်နှုန်း လျော့နည်းတာ၊ တနှစ်ထက်တနှစ် အပူချိန်မြင့်တက်လာတာ၊ မိုးတွင်းမှာကျတော့ ရေကြီးပြန်တယ်။ ပြီးတော့ ပိုးမွှားကောင်တွေ များလာတယ်။ ဒါတွေအားလုံးက သစ်တောပြုန်းတီးမှုနဲ့ပဲ ဆိုင်တာ။”

“ကျနော်တို့ သစ်တော ပိုပြီးများပြားလာဖို့ အရေးကြီးတယ်။ ကျနော်တို့ သစ်တောဌာနကတော့ သစ်တောကာကွယ်ထိန်းသိမ်းရေးနဲ့ သစ်တောပြန်လည်ထူထောင်ဖို့အတွက် စီမံကိန်းတွေ ချမှတ်လုပ် ဆောင်နေတယ်။ ပြည်သူလူထုတွေ ကိုယ်တိုင်ကလည်း အမြင်ကျယ်လာတယ်။ ဒါကြောင့် သူတို့ကိုယ်တိုင်က သစ်တောထိန်းသိမ်းရေးနယ်မြေတွေ၊ စမ်းရေထွက်ရှိရာ နေရာတွေကို ပြန်လည် ထိန်းသိမ်း ကာကွယ်တာတွေ လုပ်လာကြတယ်” လို့ ဇူလိုင် ၁ ရက်နေ့က ပြုလုပ်တဲ့ ကော်သူးလေ သစ်ပင်စိုက်ပျိုးရေးနေ့မှာ ပြောပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဒေသတွေမှာ‌တော့ လာမယ့် ၁၀ နှစ်အတွင်း သစ်တော်ပြုန်းတီးမှု ထက်ဝက်လျှော့ချနိုင်ဖို့ စီမံကိန်းချမှတ်ပြီး လုပ်ဆောင်နေပြီး ပြုန်းတီးသွားတဲ့ သစ်တောတွေကို ပြန်လည်စိုက်ပျိုးထူထောင်ဖို့ စီမံချက်ချ လုပ်ဆောင်နေပါတယ်။

ဒါကြောင့်လည်း ဇူလိုင်လ တလလုံးကို ကော်သူးလေ သစ်ပင်စိုက်လ ဆိုပြီး ၁၇ ကြိမ်မြောက် KNU ကွန်ဂရက်မှာ ချမှတ်ခဲ့ပါတယ်။ သစ်ပင်စိုက်လ သတ်မှတ်ရတဲ့ ရည်ရွယ်ချက်က သစ်ပင်၊ ဝါးပင်တွေ များပြားလာဖို့၊ သစ်တောပြန်လည်ထူထောင်ရေးမှာ KNU သစ်တောဌာနနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းမှု၊ ပြည်သူအချင်းချင်း ပူးပေါင်းပြီး လုပ်ဆောင်နိုင်ဖို့၊ လူငယ်လူရွယ်တွေ သစ်ပင်တွေကို ပိုပြီး ချစ်မြတ်နိုး တန်ဖိုးထားလာဖို့နဲ့ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းမှာ လုပ်ဆောင်နေတဲ့ သစ်တောပြန်လည် ထူထောင်ရေးကို အများက အသိအမှတ်ပြုဖို့ ရည်ရွယ်ပြီး သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

သစ်တောပြန်လည်ထူထောင်ဖို့ ရင်ဆိုင်ရတဲ့ အခက်အခဲ

ကရင်ဌာနေတိုင်းရင်းသားတွေကလည်း သူတို့ကိုယ်တိုင် ရပ်ရွာ၊ ဒေသအခြေပြု သစ်တောတွေ ထူထောင်နေကြပေမဲ့ အဓိက သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပါ တယ်။

အထူးသဖြင့် ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် ဌာနေတိုင်းရင်း ပြည်သူတွေဟာ နေရာရွှေ့ ပြောင်းနေထိုင်ရပြီး အသက်မွေးဝမ်းကျောင်းအရ စိုက်ပျိုးမြေတွေ ရွှေ့ပြောင်းလုပ်ကိုင်နေရတာတွေ ကြောင့်လည်း သစ်တောပြန်လည်ထိန်းသိမ်းရေးမှာ အဓိကစိန်ခေါ်မှု ဖြစ်နေရပါတယ်။

ဒါ့အပြင် တချို့နေရာတွေမှာ စီးပွားရေးအချက်အချာကျမှုကြောင့် အမဲလိုက်ပြီး ရောင်းချတာတွေ၊ ရွှေနဲ့ သတ္တုတူးဖော်မှုလုပ်ငန်းတွေလည်း ရှိနေပြီး အဓိကအားဖြင့် ဒါဟာ အာဏာရ လူပုဂ္ဂိုလ်တွေရဲ့ ပါဝင်ပတ်သက်နေမှုကြောင့် ဒေသခံတွေ သစ်တောထိန်းသိမ်းမှုအတွက် အဟန့်အတား ဖြစ်ပါတယ်။

ဒါအပြင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတာကို အခွင့်ကောင်းယူပြီး မြန်မာစစ်တပ်က KNU နယ်မြေတွေထဲမှာ သစ်တောတွေခုတ်ကာ  စစ်ရေးအရ အသုံးပြုဖို့ မဟာဗျူဟာလမ်းတွေဖောက်ခဲ့တဲ့အတွက်လည်း သစ်တောပြုန်းတီးမှုတွေ ရှိခဲ့ပါတယ်။   

ပြီးခဲ့တဲ့ အန်အယ်လ်ဒီ အစိုးရလက်ထက် သစ်တောတွေကို ခုတ်မယ်၊ သစ်ထုတ်လုပ်မှုလုပ်ငန်း လုပ်မယ်၊ သို့မဟုတ် သတ္တုတူးဖော်မှုတွေ လုပ်မယ်ဆိုရင် ပွင့်လင်းမြင်သာမှုရှိဖို့ သဘာဝသစ်တော တွေကို မပျက်စီးအောင် ထိန်းသိမ်းကာကွယ်ဖို့ စတဲ့ ထောက်ပြ ပြောဆိုချက်မျိုးတွေကို သဘာဝ ပတ်ဝန်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြ လုပ်ဆောင်တာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး တရားစွဲမှုတွေ ရှိနေတဲ့အတွက် ဒီလိုအရေးမှာ ထောက်ပြဝေဖန်မှုတွေ မရှိတော့တဲ့အ တွက်လည်း အာဏာပိုင်တွေ၊ သို့မဟုတ် လက်နက်ကိုင်ဆောင်ထားသူတွေဟာ သူတို့ရဲ့ သဘာဝအရင်းအမြစ်တွေကို ထုတ်ယူရောင်းချမှုတွေမှာ အဟန့်အတားမရှိ လွတ်လပ်စွာ ထုတ်ယူရောင်းချမှုတွေ ရှိလာခဲ့ပါတယ်။

Foreign Policy မှာရေးသားခဲ့တဲ့ Audrey Thill ရဲ့ How Myanmar’s Wood Funds Its Brutal Military ဆောင်းပါးမှာဆိုရင်တော့ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလနဲ့ ၂၀၂၃ ခုနှစ် နှစ်လယ်အထိ ဒေါ်လာ ၂၃၅ ဒသမ ၆ သန်းတန်တဲ့ သစ်တွေကို တင်ပို့ထားကြောင်း သိရပြီး နယ်စပ်ဖြတ်ကျော် မှောင်ခိုမှုတွေကြောင့် အမှန်တကယ် ထုတ်လုပ်မှုဟာ ဒီထက် များပြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကနေ ထွက်လာတဲ့ သစ်တွေရဲ့ ၈၀ ရာခိုင်နှုန်းကို အိန္ဒိယနဲ့ တရုတ်ကို မှောင်ခိုတင်ပို့တယ်လို့ Global Initiative Against Transnational Organized Crime ၏ ၂၀၂၁ ခုနှစ်က ထုတ်ပြန်တဲ့ သုတေသနအရ သိရပါတယ်။ အဲဒီအဖွဲ့ရဲ့  စုံစမ်းစစ်ဆေးမှုအရ သစ်မှောင်ခိုကူးသူတွေဟာ  သစ်တွေကို ဆီဘောက်ဆာကားတွေနဲ့  လူနာတင်ယာဉ်တွေမှာ ဝှက်ပြီး သယ်ဆောင်သလို  အချို့က ဗြောင်ကျကျ သယ်ဆောင်နေကြောင်း ဖော်ပြထားပါတယ်။

ပဋိပက္ခနဲ့ တရားမဝင် သစ်ထုတ်လုပ်ခြင်းအကြား ရှင်းလင်းတိကျတဲ့ ဆက်စပ်မှု မရှိပေမယ့် ပဋိပက္ခမြင့်မားတဲ့ အားနည်းတဲ့ နိုင်ငံတွေမှာ  သစ်တော သယံဇာတတွေကို ထိထိရောက်ရောက် ပွင့်ပွင့်လင်းလင်း စီမံဖို့ ရုန်းကန်ရကြောင်း သုတေသီတွေက မှတ်ချက်ချကြောင်း ဆောင်ပါးရှင်က ရေးသားဖော်ပြထားပါတယ်။

ဌာနေတိုင်းရင်းသားတွေရဲ့ သစ်တောထိန်းသိမ်းမှုစနစ်က လူထုနဲ့ တော်လှန်ရေးအတွက် ဘယ်လို အထောက်အပံ့ဖြစ်စေလဲ

စောပေါလ်စိန်ထွားက “သဘာဝသစ်တောတွေကို ထိန်းသိမ်းကာကွယ်ခြင်းဟာ ကောင်းမွန်တဲ့ တိုက်ပွဲ တခု ဖြစ်တယ်။ အောင်ပွဲအတွက် ရလဒ်ကောင်းတခု ဖြစ်လာမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ သစ်တောတွေကို ကာကွယ်ထိန်းသိမ်းခြင်းအားဖြင့် ကျနော်တို့ သစ်တောတွေ ပိုများလာမယ်။ သစ်ပင်အုပ်ဆိုင်းမှုတွေ များလာမယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့ ပုန်းရှောင်ဖို့လည်း ကျနော်တို့ကို ကာကွယ်ပေးနိုင်တယ်။ သစ်တောကနေ စားစရာတွေ ရလာမယ်။ တော်လှန်ရေးအတွက်သာမက လူထုအတွက်လည်း အကာအကွယ်ပေးနိုင်မယ်။ လူထုက အသက်ရှင်ရင် ကျနော်တို့ တော်လှန်ရေးလည်း အသက်ရှင်မယ်” လို့ ပြောပါတယ်။

ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN) ရဲ့ မီဒီယာညှိနှိုင်းရေးမှူး နော်ဆာမူးကလည်း ရာသီဥတု ပြောင်းလဲလာမှုကြောင့် ကရင်ဌာနေတိုင်းရင်းသားတွေဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကိုလည်း ခံစားရပါတယ်။ စိုက်ပျိုးရေး အထူးသဖြင့် ဆန်စပါးစိုက်ပျိုးရာမှာ သီးနှံမထွက်၊ ပိုးမွှားဖျက်ဆီးတဲ့ဒဏ်ကို ခံစားရပေမဲ့ ဌာနေတိုင်းရင်းသားတွေဟာ သူတို့ရဲ့ စုပေါင်း ကြိုတင်ပြင်ဆင်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ရာသီဥတု ပြောင်းလဲမှုကြောင့် သီးနှံမထွက်တာတွေ၊ ကြွက်တွေ ပိုးမွှားတွေ ဖျက်ဆီးမှုကြောင့် ဒေသခံ အစားအသောက် မဖူလုံတာတွေ ဖြစ်ပေါ်ပါတယ်။ ဒီလို အခက်အခဲ ဖြစ်ပေါ်ပေမဲ့ သူ့ဖြေရှင်းတဲ့ နည်းလမ်းတွေကို ပြင်ထားကြတယ်။ Community Livelihood အစီအစဉ်လုပ်တယ်။ အဲဒီအစီအစဉ်အရ သူတို့ ရွာပေါင်းစုံကနေပြီး သူတို့ စုပေါင်း စပါးကျီတွေ လုပ်ထားတယ်။ သီးနှံမျိုးစေ့တွေ သိုထားတယ်။ အဲဒီစပါးကျီမှာ ကျေးရွာအသီးသီးက စပါးတွေ လာထည့်ထားကြတယ်။ စားဖို့ သောက်ဖို့ မဖူလုံတော့တဲ့ ရွာတွေက အဲဒီစပါးကျီမှာ စပါးသွားယူပြီး စားသုံးကြတယ်။ သူတို့ဆီမှာ ရှိလာပြီဆိုရင် အဲဒါစပါးကျီ သူတို့လာပြန်ဖြည့်ကြတယ်။”

ကရင်ဌာနေတိုင်းရင်းသားတွေဟာ သူတို့ရဲ့ ရေမြေသဘာဝ တောတောင်တွေကို သူတို့ ဒီလို ပြန်လည်ထူထောင် စီမံခန့်ခွဲခြင်းအားဖြင့် ရာသီဥတုပြောင်းလဲမှုကို တထောင့်တနေရာမှာ ပြန်လည်ကောင်းမွန်လာစေတယ်လို့လည်း နော်ဆာမူးက ပြောပါတယ်။

“ဒီလို တောတောင်ရေမြေသဘာဝတွေကို ပြန်လည်ထိန်းသိမ်းပြုစုခြင်းအားဖြင့် သစ်ပင်ဝါးပင် များပြားလာမယ် ဆိုရင် ရာသီဥတု ပုံမှန်ပြန်ဖြစ်လာမယ်။  သစ်တောရှိရင် စားစရာရှိမယ်။ သစ်သီးသစ်ရွက်တွေကို ဝယ်စားစရာမလိုဘဲ တောကနေ ခူးယူစားသောက်လို့ ရတယ်။ သစ်တောရှိခြင်းဟာ ကျမတို့ ဈေးဆိုင်တဆိုင် ရှိနေသလိုပဲ၊ အချိန်မရွေး ခူးယူစားသောက်လို့ ရတယ်။ ဒီလို ဒီလို ကွန်မြူနတီသစ်တော ရှိခြင်းအားဖြင့်လည်း ကျမတို့ ကရင်ပြည်တွေတင်သာ မကဘဲ တခြား မြန်မာနိုင်ငံ နေရာတွေမှာ ဒီလို ထူထောင်လာနိုင်မယ်ဆို ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်း လဲမှုကို လျော့နည်းလာစေမှာ ဖြစ်တယ်။ အထူးသဖြင့် ဌာနေတိုင်းရင်သားတွေရဲ့ ရိုးရာဓလေ့အရ တောတောင်တွေကို ထိန်းသိမ်းပေးမှုကြောင့် ရာသီဥတုပြောင်းလဲမှုကို အများကြီး ထိန်းသိမ်းထားနိုင်တယ်လို့ ပြောလို့ရတယ်။”

မြန်မာနိုင်ငံအတွင်း ကျန်နေတဲ့ သစ်တောအများစုဟာ ဌာနေလူမျိုးစုတို့ စီမံခန့်ခွဲရာ ဒေသမှာသာ အဓိက တွေ့ရကြောင်း လေ့လာဆန်းစစ်မှုတခုအရ သိရပါတယ်။

မြန်မာနိုင်ငံတွင်း ကျန်ရှိနေတဲ့ သစ်တောတွေရဲ့ အနာဂတ် ကောင်းမွန်ရေးအတွက် ဌာနေလူမျိုးစုတို့ရဲ့ အစီအမံနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေရဲ့  ကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင် စီမံအုပ်ချုပ်မှုစနစ်တွေကို အသိအမှတ်ပြုဖို့ လိုအပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024