Home
မြန်မာသတင်း
နခွန်းဆဝမ်တွင် ထိုင်းလမ်းပြ ၂ ဦးနှင့် တရားမဝင်မြန်မာလုပ်သား ၁၅ ဦး ဖမ်းဆီးခံရ 
DVB
·
August 15, 2024
Photo Crd-နခွန်းဆဝမ်ဒေသတွင်းသတင်း

ထိုင်းမြောက်ပိုင်း နခွန်းဆဝမ်ခရိုင်ထဲမှာ ဩဂုတ် ၁၄ ရက် မနက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ဦး၊ ထိုင်းလမ်းပြ ၂ ဦးနဲ့အတူ ဖမ်းဆီးခံရတယ်လို့ နခွမ်းဆဝမ်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။ 

အမှတ် ၁ အဝေးပြေးလမ်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေဟာ နခွန်းဆဝမ်ခရိုင် နောင်ဘိုမြို့နယ် နောင်ဘိုအုပ်စုထဲမှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ်  မသင်္ကာဘွယ်ကား တစီးကိုပါ စစ်ဆေးခဲ့ရာ ကားပေါ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၅ ဦး ပြည့်ညှပ်စွာလိုက်ပါလာတာလို့ ဆိုပါတယ်။ 

ထိုင်းလူမျိုး ယာဉ်မောင်း နဲ့ အဖော်တဦးမှာ လမ်းပြဖြစ်ပြီး အဲဒီအလုပ်သမားတွေကို ချင်းမိုင်ခရိုင် ဟော့တ်မြို့နယ်ကနေ ထိုင်းအလယ်ပိုင်း ဆင်းပူးရီးခရိုင် အင်ထပူရီမြို့နယ်ကို တဦးလျှင် ဘတ် ၁၅,၀၀၀ နှုန်းနဲ့ ပို့ပေးဖို့  နယ်စပ်ရှိ အမည်မသိပွဲစားတဦးက ဆက်သွယ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

မြန်မာအလုပ်သမားတွေကို ဘာသာပြန်နဲ့တဆင့်စစ်ဆေးမေးမြန်းရာမှာ သူတို့ဟာ ချင်းမိုင် နယ်စပ်တောလမ်းကနေ ထိုင်းနိုင်ငံထဲ ဝင်လာတယ်၊ အတွင်းပိုင်းကို ဝင်ရောက်ဖို့ ပွဲစားက ကားနဲ့လာကြိုတယ်၊ ပွဲခ တဦးလျှင် ဘတ် ၂၀,၀၀၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

အလားတူ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်ကလည်း ထိုင်းအလယ်ပိုင်း အယုဒ္ဓယခရိုင်ထဲမှာ  တရားမဝင်မြန်မာလုပ်သား ၈ ဦး နဲ့ ယာဉ်မောင်း မြန်မာလုပ်သား ၁ ဦးတို့ အဖမ်းခံခဲ့ရပါတယ်။

အဝေးပြေးလမ်းတာဝန်ကျရဲတပ်ဖွဲ့ဝင်တွေဟာ အာရှလမ်းမကြီးပေါ်မှာ ယာဉ်အသွားအလာတွေ စစ်ဆေးစဉ် ဘန်ပအင်မြို့နယ် ချိန်းလတ်နွဲ့အုပ်စု ကားလမ်းအပိုင်းမှာ မသင်္ကာဘွယ် ဟိုင်းလပ်ကားတစီးကို စစ်ဆေးခဲ့တယ်၊ ယာဉ်မောင်းမှာ မြန်မာအလုပ်သမားတဦးဖြစ်ပြီး ကားပေါ်မှာလည်း အထောက်အထားမဲ့ မြန်မာလုပ်သား ၈ ဦးကို တင်ဆောင်လာတာလို့ ဆိုပါတယ်။ 

ယာဉ်မောင်း မြန်မာလုပ်သားက သူဟာ အဲဒီအလုပ်သမားတွေကို နခွမ်းဆဝမ်မြို့နယ် တာခ်ဖရပ်ကွက်ထဲကနေ သွားကြိုလာပြီး စမွတ်ပရကန်ကို ပို့ပေးဖို့ဖြစ်တယ်၊ ပို့ခအနေနဲ့ ၁ ဦးလျှင် ဘတ် ၅၀၀ စီရတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေကတော့ သူတို့ဟာ မြန်မာပြည်ကနေ မဲဆောက်ဘက်ကို တောလမ်းကနေတဆင့် ဝင်လာတယ်၊ အဲဒီမှာ ပွဲစားက ကားနဲ့လာကြိုပြီး ထိုင်းနိုင်ငံအတွင်းပိုင်းကို ပို့ပေးဖို့ တဦးလျှင် ဘတ် ၁၄,၀၀၀ မှ ၁၇,၀၀၀ စီ ပေးခဲ့ရတယ်လို့ ဖွင့်ဟဝန်ခံသွားပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အကျပ်အတည်းတွေကြောင့် နိုင်ငံသားတွေ နေ့စဉ်နဲ့အမျှ ပြည်ပထွက်ပြီး အလုပ်ရှာဖွေလုပ်ကိုင်နေတာမှာ တရားမဝင်သူတွေ ဖမ်းဆီးခံနေရပြီး ထိုင်းမှာလည်း အဖမ်းအဆီးနေ့တိုင်းလို ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်ညကလည်း ပရကျုပ်ခီရီခန်ခရိုင်ထဲမှာ တရားမဝင်အလုပ်သမားတွေ တင်လာတဲ့ကားတစီး စစ်ဆေးရေးဂိတ်ကို တိမ်းရှောင်စဉ် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး မြန်မာလုပ်သား ၆ ဦး၊ ထိုင်းကားသမား ၁ ဦး ဒဏ်ရာတွေနဲ့ ဆေးရုံတက်နေရပါတယ်။ 

ကိုးကား - နခွန်းဆဝမ်ဒေသတွင်းသတင်း / highwaypolice 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013