Home
မြန်မာသတင်း
မဟာချိုင်စက္ကူစက်ရုံ ပိတ်သိမ်း၊ မြန်မာလုပ်သား ၃၈၀ ဦး နစ်နာကြေး ဘတ်ငွေ ၁၈ သန်းကျော်ရ
နန်းမြနဒီ
·
August 5, 2024
Photo- MHAC

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းခရိုင်၊ မဟာချိုင်မြို့မှာ စက္ကူစက်ရုံလုပ်ငန်းတခု ပိတ်သိမ်းပြီး အလုပ်သမားကူညီရေး အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ပေးမှုကြောင့် အလုပ်သမား ၃၈၀ ကျော်ရဲ့ နစ်နာကြေးငွေ ဘတ်သိန်းပေါင်း ၁၈၀ ကျော် ပြန်ရခဲ့ပါတယ်။

အဆိုပါစက်ရုံဟာ  အလုပ်သမားတွေကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ပြီးခဲ့တဲ့ ဇူလိုင် ဒုတိယပတ်က ရုတ်တရက် ပိတ်သိမ်းခဲ့တာကြောင့် မြန်မာလုပ်သမား ၄၀၀ နီးပါးဟာ အလုပ်လက်မဲ့ဖြစ်ပြီး အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ MHAC  မဟာမိတ်အဖွဲ့တာဝန်ခံ ကိုရဲမင်းက DVB ကို ပြောပါတယ်။

အလုပ်ရှင်ဟာ အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေကို နစ်နာကြေးအနေနဲ့ လုပ်သက် ၁ နှစ်ရှိရင် ဘတ် ၁၀,၀၀၀၊ လုပ်သက် ၂ နှစ်ကို ဘတ် ၂၀,၀၀၀၊ လုပ်သက် ၃ နှစ်ကနေ ၅ နှစ်အထိဆိုရင် ဘတ် ၃၀,၀၀၀ စီပေးမယ်လို့ ပြောခဲ့တယ်၊ ဒါပေမဲ့ အဲဒါဟာ ဥပဒေအရ ရသင့်ရထိုက်တဲ့ ပမာဏ မဟုတ်တာကြောင့် MHAC  မဟာမိတ်အဖွဲ့ထံ ဆက်သွယ် အကူအညီ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် MHAC မဟာမိတ်အဖွဲ့ဟာ LPN ဖောင်ဒေးရှင်း၊ NUG အစိုးရ အလုပ်သမား ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အလုပ်သမားနစ်နာကြေး အပြည့်အဝပြန်ရဖို့ ခရိုင်အလုပ်သမား ကာကွယ်ရေးရုံးမှာ သွားရောက်တိုင်ကြား တောင်းဆိုပေးခဲ့ပါတယ်။

ဒီကနေ့ ဩဂုတ် ၅ ရက်မှာတော့ လုပ်သက် ၁ နှစ်ကနေ ၃ နှစ် မပြည့်သေးတဲ့ အလုပ်သမားတွေအတွက် နစ်နာကြေး ဘတ် ၃၂,၆၇၀ စီနဲ့ လုပ်သက် ၃ နှစ်ကနေ ၅ နှစ်ထိ အလုပ်သမားတွေကို နစ်နာကြေး ဘတ် ၆၅,၃၄၀ စီ အလုပ်ရှင်က သဘောတူ ပေးချေခဲ့တယ်လို့ ဆိုပါတယ်။

MHAC မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက “ဒါက ၂ နှစ်အတွင်း ထိုင်းနိုင်ငံမှာ အလုပ်ဖြုတ်ခံရတဲ့ မြန်မာအလုပ်သမားအမှုတွေထဲမှာ အများဆုံးရတဲ့ နစ်နာကြေး ဖြစ်ပါတယ်။ အလုပ်သမား ၃၈၀ ဦးအတွက် နစ်နာကြေး ရရှိငွေပေါင်းက ဘတ် ၁၈,၂၀၅,၅၀၀ ပါ” လို့ ပြောပါတယ်။

ဒါ့အပြင် လူမှုဖူလှုံရေးဌာနက ရရှိမယ့် ခံစားခွင့် လုပ်အားခ ၂ လစာနဲ့  အလုပ်ပြောင်း ထောက်ခံစာတွေပါ ရရှိရေး ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့ MHAC  မဟာမိတ်အဖွဲ့က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013