တရုတ်နိုင်ငံ ရွှေလီမြို့မှာ ရက်စွဲလွန်စာအုပ်နီကိုင်ဆောင်ထားတွေနဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP) နဲ့ နေထိုင်နေကြတဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေကို တရုတ်ဘက်က ဖမ်းဆီးပြီး မြန်မာဘက်ကို ပြန်ပို့နေပါတယ်။
မြန်မာ- တရုတ်နယ်စပ်၊ တရုတ်နိုင်ငံ ရွှေလီမြို့ဘက်ခြမ်းကို နယ်စပ်သွားလာခွင့်လက်မှတ် (စာအုပ်နီ) သက်တမ်းလွန်နေသူတွေနဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် တပတ်ခံ (TBP) နဲ့ နေထိုင် အလုပ်လုပ်ကိုင် နေကြတဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေကို တရုတ်အာဏာပိုင်တွေက ဆက်တိုက်ဖမ်းဆီးပါတယ်။
အဲ့ဒီလိုဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေကို နေ့စဉ် မြန်မာဘက်ကို ပြန်ပို့နေပါတယ်လို့ တရုတ်-မြန်မာနယ်စပ် မူဆယ်မှာနေတဲ့ ဒေသခံတွေက ပြောပါတယ်။
စာအုပ်နီကိုင်ဆောင်ထားသူတွေအနေနဲ့လည်း တရုတ်ဘက်ခြမ်းကို သွားရောက် အလုပ် လုပ် မယ်ဆိုရင် တရုတ်နိုင်ငံက ချမှတ်ထားတဲ့ ဥပဒေအတိုင်း နေထိုင်ခွင့်၊ ကျန်းမာရေး ထောက်ခံချက်စဖြင့် ကျသင့်တဲ့အခွန်အခပေးဆောင်ပြီး အလုပ် လုပ်ကိုင်လို့ရတယ်လို့လည်း မူဆယ်ဒေသခံတွေက ပြောပါတယ်။
TBP ကတ်နဲ့ တရုတ်ဘက်ခြမ်းကို ဝင်တဲ့သူတွေကတော့ ကျယ်ခေါင်မြို့မှာနေထိုင်လို့ရပြီး ရွှေလီမြို့ဘက်ကို သွားလာလို့မရပေမဲ့ ရွှေလီဘက်ခြမ်းမှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေနဲ့ လုပ်ငန်းရှင်တွေက ကျယ်ခေါင်ထိ လာခေါ်ရင်တော့ အထောက်အထား သက်တမ်းကုန်နေလည်း ရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီး ပြန်ပို့မှုတွေရှိသလောက် နေစဉ် တရုတ်ဘက်ကို ဝင်ရောက် အလုပ်ရှာဖွေသူ ရာနဲ့ချီပြီးရှိနေပြီး တရုတ်ဘက်ဝင်ဖို့ တန်းစီရင်းအသက် ဆုံးရှူံးတဲ့သူတွေလည်း ရှိနေတယ်လို့ မျက်မြင်သက်သေ မူဆယ်ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ ၃ နှစ်ကျော်ကာလအတွင်း အိမ်နီချင်းနိုင်ငံတွေအပြင် တခြားသောနိုင်ငံကို ထွက်ခွာကြသူတွေ နေ့စဉ်နဲ့အမျှ တိုးများလာနေပြီး စစ်မှုထမ်းဥပဒေကို စတင်အသက်ဝင် ကျင့်သုံးပြီးနောက်မှာ ပြည်ပထွက်လိုတဲ့ လူငယ်လူရွယ်တွေ ပိုလို့ များပြားလာ နေပါတယ်။
ပြည်ပထွက်ဖို့ နိုင်ငံကူးလက်မှတ်လုပ်ရာမှာ သိန်းချီကုန်ကျနေသလို တခြားဒေသကနေ တရုတ်နိုင်ငံကို သွားရောက်အလုပ် လုပ်ကိုင်ကြမယ့် သူတွေဟာလည်း မူဆယ်အိမ်ထောင်စုဇယားထဲဝင်ကာ စာအုပ်နီလုပ်ရာမှာ ကျပ်ငွေသိန်းဆယ်ချီ ပေးနေရတယ်။ ခက်ခက်ခဲခဲ တရုတ်ဘက်ထဲ ဝင်ရပေမယ့် လုပ်အားခကတော့ အနှိမ်ခံရေတယ်လို့ ရွေ့ပြောင်းလုပ်သားတွေက ဆိုပါတယ်။
ခွန်ဇော်ဦး