မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကန်မွန်းစခန်းကျေးရွာကနေ ကျိုက်ထီးရိုးဘုရားကိုသွားတဲ့ တောင်တက်လမ်းမှာ ဇွန် ၁၃ ရက်က မနက်က မိုးသည်းထန်စွာရွာသွန်းတာကြောင့် မြေပြိုကျခဲ့တယ်လို့ ကူညီပေးနေတဲ့ဒေသခံတွေက ပြောပါတယ်။
မိုးသည်းထန်စွာရွာသွန်းတာကြောင့် ကျိုက်ထီးရိုးတောင်တက်လမ်း မိုင်တိုင်အမှတ် ၇ မိုင် ၆ ဖာလုံအနီး စခန်းလေးရေဆိပ်ကွေ့မှာ ဒီနေ့မနက် ၈ နာရီလောက်က မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။
"မိုးအရမ်းရွာလို့ မြေသားနူးပြီးပြိုကျတာပါ။ တောင်တက်ကားလမ်းတခုလုံးကို ဖုံးသွားတဲ့အပြင် ချောက်ထဲပါမြေသားတွေကျတာ။ အကွာအဝေးစုစုပေါင်း ပေ ၁၀၀ ကျော်လောက် ဖုံးသွားတာ။ လူထိခိုက်တာတွေတော့မရှိပါဘူး။ အခုအကုန်လုံးပေါင်းပြီးစရှင်းလင်းနေပါပြီ၊”
မိုးသည်းထန်စွာရွာသွန်းနေပြီး မြေသားပြိုကျတာနဲ့ မြေပြိုမှုအန္တရာယ်ဆက်လက်ရှိနေတာကြောင့် တောင်တက်ကားပြေးဆွဲမှုကို ခေတ္တရပ်နားထားတယ်လို့ တောင်တက်ကားသမားတဦးက ပြောပါတယ်။
"မိုးအရမ်းရွာ မြေသားတွေနူးပြီး မြေပြိုတာ။ အဲ့နေရာတဝိုက်က နှစ်တိုင်းပြိုနေကျပဲ။ လက်ရှိမြေက ထပ်ပြိုကျနိုင်လို့ တောင်တက်ကားပြေးဆွဲမှုကိုခဏရပ်ထားပါ။ တချို့အရေးကြီးတဲ့ ကားတွေကျတော့ ရသေ့တောင်လမ်းဟောင်းကနေ သွားနေတာရှိတယ်။"
မြေသားပြိုကျမှုဖြစ်တဲ့နေရာကို ကျိုက်ထီးရိုးတောင်ပေါ်မီးသတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့၊ ကျိုက်ထီးရိုးဂေါပကအဖွဲ့၊ တောင်တက်မော်တော်ယာဉ်အဖွဲ့၊ ကေဘယ်ဝန်ထမ်းတွေနဲ့ ဒေသခံတွေ ပူးပေါင်းရှင်းလင်းနေပါတယ်။
ဇွန် ၁၀ ရက်ကလည်း ကျိုက်ထီးရိုးတောင်ခြေမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ညောင်ပင်တပင်လဲကျပြီး ဈေးဆိုင်တဆိုင်၊ လျှပ်စစ်ထရန်စဖော်မာနဲ့ ဓာတ်တိုင်တွေ ပျက်စီးခဲ့ပါတယ်။