ရခိုင်ပြည်နယ်၊ ငပလီမြို့၊ ဂေါ့ကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက မဇင်ရပ်ကွက်ရှိ သံတွဲလေဆိပ်ကလမ်းကို ပိတ်ဆို့ထားတာကြောင့် ဒေသခံ ၁,၀၀၀ ကျော် ဘေးလွတ်ရာကို မထွက်နိုင်ဘဲ ပိတ်မိနေတယ်လို့ ရွာသားတွေက ပြောပါတယ်။
ဂေါ့ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား ဇွန် ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံရွာသားတွေ ဘေးလွတ်ရာကို မထွက်နိုင်ဘဲ ပိတ်မိနေကြတာဖြစ်ပါတယ်။
လက်ရှိမှာ ဂေါ့ကျေးရွာတဝိုက်ကို AA က ထိန်းချုပ်ထားလိုက်ပြီးနောက် ပိတ်မိနေတဲ့ ကျေးရွာသား ၁,၀၀၀ ကျော်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ လွတ်မြောက်လာသူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဂေါ့ဘက်က ပိတ်မိနေသူတွေကို အာရက္ခတပ်တော်ဘက်က ရွှေ့ပြောင်းပေးလိုက်တာတော့ ဟုတ်တယ်။ အဲဒီမှာ ပိတ်ကျန်နေခဲ့ ကျနော့်မိတ်ဆွေနဲ့လည်း မနေ့က အဆက်အသွယ်ရတယ်။ ကျေးရွာသားတွေကိုတော့ AA က လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းပေးထားတယ်။ ဆွေမျိုး မိသားစု ရှိတယ်ဆိုရင်တော့ လွတ်လပ်စွာ သွားခွင့်ပေးတယ်လို့ ပြောတယ်။ လက်ရှိမှာ ဂေါ့တကြောလုံး AA ထိန်းချုပ်ထားလိုက်ပြီလို့ သိရတယ်။”
ဂေါ့ကျေးရွာဟာ သံတွဲအခြေစိုက် ခမရ ၅၆၆ တပ်ရင်းနဲ့ ၂ မိုင်ကျော်လောက်သာ ဝေးတာကြောင့် အဲဒီတပ်ရင်း တိုက်ခိုက်မခံရဖို့အတွက် စစ်ကောင်စီက သံတွဲလေဆိပ်မှာ ဗျူဟာမှူးကိုယ်တိုင် ကွပ်ကဲပြီး ခံစစ်ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲဖြစ်ပွားနေကြတာ ၂ လအထိ ကြာမြင့်လာပြီဖြစ်ပြီး စစ်ကောင်စီက အရပ်သားကျေးရွာတွေကို လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ အစုလိုက် အပြုံလိုက် သေဆုံးမှုတွေ ရှိကြပြီး အရပ်သားသေဆုံးမှုဟာလည်း ၅၀ ကျော် ရှိလာနေပါတယ်။
တိုက်ပွဲကာလ ၇ အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက်ရရှိထားပြီး အမ်း၊ သံတွဲနဲ့ မောင်တောမြို့နယ်တို့ကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။