Home
မြန်မာသတင်း
TNLA အုပ်ချုပ်နယ်မြေတွင် ကျောင်းသား၊ ကျောင်းသူ ၅၀,၀၀၀ ခန့် ပညာသင်ကြားနေ
DVB
·
June 13, 2024
Photo - LEC

TNLA အုပ်ချုပ်နယ်မြေ ၇ မြို့အပါအဝင် မြို့နယ် ၁၁ ခုလောက်မှာ စာသင်ကျောင်းပေါင်း ၅၀၀ နီးပါးဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၅၀,၀၀၀ ဝန်းကျင်ကို ပညာသင်ကြားပေးနေပြီလို့ တအာင်းပြည်ပညာရေးကောင်စီ (TLEC) ရဲ့ ဒါရိုက်တာ မိုင်းနိုင်ဟိန်းညူးက DVB ကို ပြောပါတယ်။

တအာင်းပြည်ပညာရေးကောင်စီ (TLEC) အနေနဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ အရင်နှစ်တွေကထက် ကျောင်းသားဦးရေ ထက်ဝက်နီးပါးတိုးလာပြီး ရှမ်းမြောက်က မြို့နယ် ၁၁ ခုလောက်မှာ ပညာရေးဝန်ဆောင်မှုတွေ ပေးနေပြီလို့ သိရပါတယ်။

TNLA သိမ်းပိုက်ထားတဲ့ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း မိုင်းလုံ၊ မိုင်းငေါ့ ၇ မြို့နယ်အပါအဝင် မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ မူဆယ်မြို့နယ်တွေထဲက နေရာတချို့မှာပါ အခြေခံပညာကျောင်း ၅၀၀ နီးပါးအထိ ဖွင့်လှစ်နိုင်ခဲ့တာလို့ TLEC ရဲ့ ဒါရိုက်တာ ဆိုပါတယ်။

TLEC ဒါရိုက်တာ မိုင်းနိုင်ဟိန်းညူးက “ကျောင်းသားဦးရေကတော့ ကျနော်တို့က မြေပြင်ကလည်း အကုန်လုံးက အတိအကျ မရနိုင်သေးဘူးပေါ့။ မနှစ်တုန်းကတော့ ကျောင်းပေါင်း ၃၈၁ ကျောင်းမှာ ကျောင်းသားဦးရေကတော့ ၂၈,၀၀၀ တော့ရှိတာပေါ့နော်။ သေချာတယ်၊ ဒီနှစ်ကတော့ ကျောင်းသားဦးရေကတော့ ခါတိုင်းစာရင်းပေါ်မှာ အခြေခံပြီးမှ ကြည့်ရင်တော့ ကျောင်းသားဦးရေကတော့ ၅၀,၀၀၀ အထက်မှာ ရှိနိုင်တာပေါ့။ ဆရာမ အင်အားကတော့ ၂၂၀၀၊ ၂၃၀၀ လောက်ပဲရှိဦးမှာပေါ့။ ဒါပေမဲ့ ကျနော်တို့ ၂၅၀၀ ပြည့်အောင်တော့ ကြိုးစားပြီးမှ ချိတ်ဆက်ပြီးတော့ လက်ခံသွားရမှာပေါ့နော့်” လို့ပြောပါတယ်။ 

လက်ရှိမှာ ဆရာ၊ ဆရာမအင်အား၊ သင်ကြားရေးအဆောက်အဦ၊ သင်ထောက်ကူပစ္စည်းနဲ့ ငွေကြေးအခက်အခဲတွေအပြင် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး စိန်ခေါ်မှုတွေကိုပါ ကြုံတွေ့နေရတယ်လို့ TLEC ရဲ့ ဒါရိုက်တာက ရှင်းပြပါတယ်။

ကျောင်းတက်ရောက်မယ့် အဆင့်အလိုက် ပညာရေးရန်ပုံငွေကို မူလတန်းဆို ၁ သိန်း၊ အလယ်တန်း ၁ သိန်းခွဲ၊ အထက်တန်းဆို ၂ သိန်းအထိ ကောက်ခံထားပြီး ၃ ကြိမ် ခွဲသွင်းရမယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

တဖက်မှာလည်း ငွေကြေးမတတ်နိုင်လို့ ပညာသင်ကြားခွင့် မဆုံးရှုံးရအောင် သက်ဆိုင်ရာ ရပ်ကျေး၊ ဒါမှမဟုတ် ဆရာ၊ ဆရာမတွေရဲ့ ထောက်ခံချက်နဲ့ ရန်ပုံငွေကင်းလွတ်ခွင့် ပေးထားတယ်လို့ ဆိုပါတယ်။

နမ္မတူမြို့ခံ ကျောင်းသားမိဘတဦးက “CDM ဆရာ၊ ဆရာမတွေနဲ့ပဲ ကျနော်တို့ ပုံမှန်သင်ရိုးညွှန်းတမ်းကိုပဲ သင်နေတာ အစ်ကို။ ပုံမှန်သင်ရိုးညွှန်းတမ်းကို သင်တယ်။ အခြေအနေလည်း ကောင်းပါတယ်။ ကျောင်းတွေ တက်နေကြတယ် ကလေးတွေ။ ပုံမှန်အနေအထားနဲ့ သိပ်မကွာဘူး” လို့ ပြောပါတယ်။

တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ TNEC က သတ်မှတ်တဲ့ ကျောင်းဝတ်စုံကို ဝတ်ဆင်ရမှာဖြစ်ပြီး အင်္ဂါ၊ ကြာသပတေးနေ့မှာတော့ သက်ဆိုင်ရာတိုင်းရင်းသားတွေရဲ့ ဝိသေသလက္ခဏာဖော်ညွှန်းတဲ့ ဝတ်စုံကို ဝတ်ဆင်ကြရမယ်လို့ ထုတ်ပြန်ထားပါတယ်။

TNLA သိမ်းပိုက်မြို့တွေထဲက တခုဖြစ်တဲ့ နမ့်ခမ်းမှာတော့ လူမျိုးပေါင်းစုံ နေထိုင်တဲ့အတွက် သတ်မှတ်ယူနီဖောင်းကို အင်္ကျီ အဖြူနဲ့ နက်ပြာရောင်လုံချည်အဖြစ် ပြောင်းလဲ သတ်မှတ်ပေးထားတယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

နမ့်ခမ်းမြို့  အမျိုးသမီးတဦးက “အခုကျတော့ မြို့ထဲမှာတော့ လူမျိုးပေါင်းစုံလေ၊ ပလောင်ဝတ်စုံတော့ မရဘူးလေ။ ဒါပေမဲ့ အဝတ်အစားတွေ မရောက်လာတော့ တချို့လူကျ ဒီတိုင်းပဲ ရိုးရိုးဝတ်စုံပဲ ဝတ်သွားတာပေါ့။ အဝတ်အစားတွေက မရောက်သေးဘူးလေ။ စာအုပ်တွေလည်း မရောက်သေးဘူး။ အခုလောလောဆယ် ရှိနေတဲ့ဟာလေးပဲ ဝတ်ကြတာပေါ့။ ဆရာ၊ ဆရာမတွေကျတော့ အဲဒီလိုမျိုး အပြာနက်ရောင်ပေါ့နော်၊ အဖြူနဲ့။ တောင်ပေါ်တွေမှာပဲ သူတို့ သတ်မှတ်ထားတဲ့ အရင်က သတ်မှတ်ထားတဲ့ ဝတ်စုံပဲဝတ်ကြတာ။ မြို့မှာကျ အဲလိုမျိုး မရဘူးလေနော်” လို့ပြောပါတယ်။ 

ဒါပေမဲ့ ဒီအခြေအနေတွေနဲ့ပတ်သက်လို့  DVB အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

အလားတူ အရင်က နမ့်ခမ်း၊ နမ့်ဆန်၊ နမ္မတူနဲ့ မန်တုံမြို့တွေမှာ စစ်ကောင်စီက ဖွင့်လှစ်ခဲ့ဖူးတဲ့ ကျောင်းပေါင်း ၁၀၀ ကျော်နဲ့ မိုင်းငေါ့မြို့၊ မိုင်းလုံမြို့၊ ကွတ်ခိုင်မြို့တွေက ကျောင်းတွေမှာ ဆရာ၊ ဆရာမ အင်အားကြောင့် အခုနှစ်မှာ ကျောင်းတွေ ဆက်လက်ဖွင့်လှစ်နိုင်မှာ မဟုတ်သေးဘူးလို့ TLEC က ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ဖူးပါတယ်။ 

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013