Home
မြန်မာသတင်း
မြို့နယ် ၃ ခုတွင် စစ်တပ် လက်နက်ကြီး အပါအဝင် ဗုံးကြဲမှုကြောင့် ၅ ဦး သေဆုံး၊ ၁၄ ဦးဒဏ်ရာရ
DVB
·
June 13, 2024

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ကလေးတဦး အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၁၂ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ မတ္တရာမြို့နယ် ရေနံ့သာကျေးရွာ စစ်ကောင်စီအထိုင်စခန်းကနေ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ စဉ့်ကူးမြို့နယ် စိုက်ခင်းရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။

နေ့လယ် ၂ နာရီဝန်းကျင်မှာတော့ စဉ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာ အထိုင်စခန်းမှ ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ရာ အထက်ဇီးကုန်းရွာနဲ့ ဆင်သေရွာကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အထက်ဇီးကုန်းရွာမှ အသက် ၈ နှစ်အရွယ် မောင်ဆန်းထွဋ်၊ ဆင်သေရွာမှ အသက် ၅၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ ဦးနန်းအောင်၊ ဦးသက်ခိုင်၊ ဦးအောင်ဒင်တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Wetlet information network မှ ကိုနဂါးလေးက “တနေ့တည်း ဖြစ်စဉ်က ၃ ခုပါ၊ ဆုံးတဲ့သူက ကလေး ၁ ယောက် အပါအဝင် ၅ ဦးပေါ့နော်၊ ဇီးကုန်းမှာက အသက် ၅၀ ဝန်းကျင် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရတယ်၊ ဆင်သေမှာက ၁၁ နှစ်ကလေးတယောက်လည်း ဒဏ်ရာရလို့ ဆေးရုံပို့ထားရတယ်” လို့ ပြောပါတယ်။

စဉ့်ကူးမြို့နယ်နဲ့ ထိစပ်နေတဲ့ မတ္တရာမြို့နယ် အနောက်ခြမ်းကို ဇွန် ၁၂ ရက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာ ၁၀ ရွာက ပြည်သူ ၁,၅၀၀ ဝန်းကျင် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာလည်း ဇွန် ၁၁ ရက် မနက်က စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်ဖြူမြို့နယ်၊ မီးချောင်းတက်ရွာနဲ့ သစ်ပုတ်တောင်လမ်းဆုံဘက်ကို ဇွန် ၁၁ ရက် မနက် ၁၀ နာရီလောက်ကနေ ညနေ ၄ နာရီလောက်အထိ ဂုံးချွိန်တိုက်နယ် နှမ်းဖဲတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ၁၇ လုံးလောက် ပစ်ခတ်ခဲ့တယ်လို့ ကျောက်ဖြူမြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်တလုံးဟာ မီးကျောင်းတက်ကျေးရွာထဲမှာ ကျရောက်ပေါက်ကွဲပြီး သက်ကြီးပိုင်း အမျိုးသမီးတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့သူကတော့ မီးကျောင်းတက်ကျေးရွာက အသက် ၈၂ နှစ်အရွယ် ဒေါ်ရွှေခင်ဖြစ်ပြီး ဦးခေါင်းမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့လို့ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာလည်း ဇွန် ၁၁ ရက် မနက် ၉ နာရီ ၃၅ မိနစ်လောက်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် အေအေက ထုတ်ပြန်ထားပါတယ်။

ပေါက်တောမြို့ အမှတ်(၁)ရပ်ကွက် မနော်သီရိ၊သဝင်ချောင်းရွာနဲ့ လက်ပံပြားကျေးရွာတွေကို ဇွန် ၁၁ ရက် မနက်မှာ စစ်ကောင်စီဘက်က Y12 ထောက်ပို့လေယာဥ်တစီးနဲ့ ဗုံး ၁၆ လုံးလောက် ကြဲခဲ့တာကြောင့် ပြည်သူ ၁၀ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါက်တောမြို့ အမှတ်(၁)ရပ်ကွက်က ဦးညီညီအောင်၊ ဦးနေဝင်း၊ သဝင်ချောင်းရွာက ဒေါ်နှင်းချေ၊ ဒေါ်အေးကျော့စိန်၊ ဦးအောင်ကျော်စိုး၊ လက်ပံပြားကျေးရွာက မချေယဥ်သန်း၊ ဒေါ်နုအေး၊ ဒေါ်ဇနီးမယ်၊ ဒေါ်ဦးမေသန်းနဲ့ ဦးလှမောင်သန်းတို့ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပေါက်တောမြို့နယ်မှာ ဇွန် ၁ ရက် မနက်မှာလည်း စစ်ကောင်စီက Y12 ထောက်ပို့လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မေ ၁၃ ရက်အထိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပြည်သူ ၂၆၈ ယောက်သေဆုံးကာ ၆၄၀ ဒဏ်ရာရရှိခဲ့တယ်လို့ ULA/AA ရဲ့ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က မေ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013