နိုင်ငံတကာအပါအဝင် အာဆီယံခေါင်းဆောင်တွေ နိုင်ငံရေးဩဇာရှိသူတွေအနေနဲ့ နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေး အားစိုက်ဆောင်ရွက်ကြဖို့ စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်က တိုက်တွန်းလိုက်ပါတယ်။
အာဆီယံအပါအဝင်ဒေသတွင်း နိုင်ငံရေးဩဇာရှိသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်က တွေ့ဆုံခွင့်မပေးဘဲ ပယ်ချခဲ့တဲ့အပေါ် နိုင်ငံရေးအကျဉ်းသားဟောင်း ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်က တိုက်တွန်းပြောဆိုလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကနေ ပြောင်းရွှေ့ ထားတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၁၆ ရက်မှာ ပြောဆိုခဲ့ပေမဲ့ ဘယ်နေရာမှာထားတယ် ဆိုတာကိုတော့ လက်ရှိအချိန်အထိ အတိအလင်း မထုတ်ပြန်သေးပါဘူး။
ရှောင်တာနယ်လ်က “စစ်အစိုးရက သူ့ကို အသုံးချပုံနဲ့ပတ်သက်ပြီး တကယ်ကို စိုးရိမ်မိပါတယ်။ စစ်တုရင်ကစားသလို အခြေအနေအတွက် အရမ်းစိတ်ပူပါတယ်။ ကျနော်လွတ်တုန်းက သူ့ကို နောက်ဆုံးတွေ့ခဲ့တာက အခုဆိုရင် သူ့အတွက် အကောင်းဖြစ်လာပါတယ်။ သူ့အပေါ် ရည်ရွယ်ထားတဲ့ အခြေအနေတွေကတော့ မကောင်းပါဘူး။ သူတို့က ရည်ရွယ်ချက်ရှိရှိ သူ့ကိုအသုံးချဖို့ ကြိုးစားတယ်ဆိုတာ အရမ်းရှင်းပါတယ်။ ကျနော်တို့ကလည်း သူနဲ့တွေ့ဆုံခွင့်ရဖို့ အခြေအနေတွေကို အပြည့်အဝ အားစိုက်ဖို့လိုပါတယ်” လို့ ပြောပါတယ်။
အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက ပုဒ်မ ၁၄ ခုအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့နဲ့ နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီး အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီက ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မပေးတော့ဘဲ သတင်းအမှောင် ချထား ခဲ့ပါတယ်။
သုတချမ်းသာ