ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့ရဲစခန်း အိမ်ထောင်သည်လိုင်းခန်းနဲ့ ယာဉ်ထိန်းရဲရုံးကို ဇွန် ၁၂ ရက် ညက Yangon UG People Army နဲ့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ထောက်ကြံ့ရဲစခန်း အိမ်ထောင်သည်လိုင်းခန်းနဲ့ မော်တော်ပီကယ်ရုံးဟာ မင်္ဂလာဒုံမြို့နယ် ပြည်လမ်းမပေါ်မှာ ကပ်လျက်အနေအထားတည်ရှိပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အဝေးထိန်း ပြင်းအားမြှင့် ရီမုတ်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ Yangon UG People Army ရဲ့ တာဝန်ခံ Joe က ပြောပါတယ်။
“ကျနော်တို့ ပြင်းအားမြှင့်ထားတဲ့ အဝေးထိန်းမိုင်း ၂ လုံးကို ၁ လုံးထဲ ပေါင်းထားတာပါ။ ပြင်းအား ပိုမြှင့်တဲ့သဘောပေါ့။ အိမ်ထောင်သည်လိုင်းခန်းထောင့်နဲ့ မော်တော်ပီကယ် ရုံးထောင့်ရဲ့ ကြားမှာ မိုင်းထောင်ပြီး ခွဲခဲ့တာ။”
အဲဒီဖောက်ခွဲမှုမှာ ရဲစခန်းအတွင်း အထိအခိုက်ရှိပေမဲ့လည်း အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ရဲစခန်းအတွင်းကနေလည်း လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်သံ အနည်းငယ်ကြားရတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး တာဝန်ခံက “တိုက်ခိုက်ပြီး မကြာဘူး အော်ဟစ်ဆဲဆိုသံတွေ ကြားရတယ်။ ခဏနေတော့ စကစဘက်ကကားတွေ ရောက်လာပြီး ပြည်လမ်းမနဲ့ နေရာတဝိုက်ကို လမ်းပိတ်ပြီး စစ်ဆေးတာတွေလုပ်တယ်” လို့ ပြောပါတယ်။
Yangon UG People Army က လွန်ခဲ့တဲ့ ဇွန် ၂ ရက် ညပိုင်းကလည်း မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းခွဲအနီးမှာရှိတဲ့ မင်္ဂလာဒုံရဲစခန်းဝင်း အိမ်ထောင်သည်လိုင်းခန်းထောင့်မှာ အဝေးထိန်းမိုင်းသုံးပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အပြင် နောက်ထပ် မစ်ရှင်တွေ ဖော်ဆောင်နိုင်ဖို့ အတွက်နဲ့ အဖွဲ့ရပ်တည်နိုင်ဖို့အတွက်လည်း ဘဏ္ဍာငွေလိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။