Home
မြန်မာသတင်း
အယုဒ္ဓယသင်္ဘောကျင်းပေါက်ကွဲမှု မြန်မာလုပ်သား ၂ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ 
DVB
·
August 14, 2024
Photo Crd-topnews

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်၊ ဘန်ထိုင်းမြို့ရှိ ပုဂ္ဂလိကသင်္ဘောကျင်းလုပ်ငန်းတခုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး မြန်မာလုပ်သား ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့  Top News  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဩဂုတ် ၅ ရက် မွန်းလွဲ ၂ နာရီကျော်လောက်က ဘန်ထိုင်းမြို့၊  ဆနမ်ချိုင်းအုပ်စုရှိ ချတ်ချွန်းထန်း ရုန့်ဆဝဒီသင်္ဘောကျင်းမှာ ပေါက်ကွဲမှုဖြစ်ကြောင်း အကြောင်းကြားချက်ရတဲ့အတွက် လူနာတင်ကား ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်ကယ်ဆယ်ခဲ့တယ်လို့ ဘန် ထိုင်းနယ်မြေ ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ 

“အခင်းဖြစ်တဲ့နေရာမှာ အသက် ၂၀ မှ ၂၅ ကြားရှိ  လူရွယ် ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာ ရခဲ့တယ်။ ၁ ဦးမှာ ဒဏ်ရာပြင်းထန်တယ်။ သေဆုံးဒဏ်ရာရသူတွေကို အယုဒ္ဓယခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်၊ အဆိုပါပေါက်ကွဲမှုမှာ ခွေး ၂ ကောင်ပါ သေဆုံးတယ်”လို့ ဆိုပါတယ်။ 

ဘန်ထိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး နိုင်းဆုမ်ယုဒ် ကေဆုဝမ်းက “သေဆုံးသူ ၂ ဦး နဲ့ ဒဏ်ရာရသူ ၇ ဦး တို့ဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တယ်၊ သူတို့ဟာ သင်္ဘောနံရံ အစိပ်အပိုင်းတခုကို ဆေးသုတ်နေတာ၊ ခန့်မှန်းချက်အရ အခင်းဖြစ်တဲ့နေရာမှာ တစုံတယောက်ဟာ ဆေးလိပ်တိုကို စည်းကမ်းမဲ့ ပစ်ချလိုက်လို့  ဆေးလိပ်မီးပွားတွဟာ သင်္ဘောဆေးထဲပါတဲ့ တင်ဒါတွေနဲ့ ဓာတ်ပြုပြီး ပေါက်ကွဲတာလို့ ယူဆတယ်၊ ဒါပေမဲ့ အသေးစိတ်ကို ဆက်လက်စုံစမ်းစစ်ဆေးရဦးမယ်”လို့  ပြောသွားပါတယ်။ 

အဆိုပါသင်္ဘာကျင်းမှာ ၂၀၁၆ ခု ဇူလိုင် ၁ ရက်ကလည်း ပေါက်ကွဲမှုတကြိမ် ဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်က လူ ၄ ဦး သေဆုံးခဲ့တယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ 

Source: topnews 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013