ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကားဝပ်ရှော့တခုမှာ ဇူလိုင် ၁၀ ရက် နေ့လယ်က ဆီဘောက်ဆာယာဥ်ကို ဝရိန်ဆော်နေရာက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတဦး သေဆုံးခဲ့ကြောင်း သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့၊ ၇၇ ရပ်ကွက်၊ ပဲခူးမြစ်လမ်း၊ အလယ်ဂိတ်မှတ်တိုင်အနီး ကားကြီးဝပ်ရှော့မှာ မနေ့ နေ့လယ် ၁နာရီခွဲလောက်က ဆီဘောက်ဆာတစီးကို ဝရိန်ဆော်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ရှင်သန်ခွင့်လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။
“မနေ့က နေ့လယ်ပိုင်းမှာ ဆီဘောက်ဆာယာဥ်တစ်စီးကို ဝရိန်ဆော်နေရာက ပေါက်ကွဲမှုဖြစ်ပြီး ဝရိန်ဆော်နေတဲ့ အသက် ၃၀ ကျော်အရွယ်အလုပ်သမားတဦးကတော့ ပွဲချင်းပြီးသေဆုံးတာပါ။ နောက်ထပ် အလုပ်သမားအမျိုးသားတဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တာပါ။”
ပေါက်ကွဲမှုဖြစ်ပွားရာကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်တစီး၊ ရေသယ်ယာဉ် တစ်စီး၊ Foam မီးငြှိမ်းသတ်ယာဉ် တစီးတို့နဲ့ ထွက်ခွာပြီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အလားတူ ဇူလိုင် ၁၀ ရက်မနက်ကလည်း သာကေတမြို့နယ်၊ အနော်မာရပ်ကွက်၊ တပ်ဖွဲ့လမ်းမှာ နေအိမ်တလုံးမီးလောင်ခဲ့မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ပါတယ်။