Home
မြန်မာသတင်း
၇ လကျော်အတွင်း မြန်မာငွေတန်ဖိုး ၂ ဆနီးပါး ကျဆင်း
DVB
·
August 14, 2024

မြန်မာကျပ်ငွေတန်ဖိုးက ၂၀၂၄ ခုနှစ် နှစ်စနဲ့ နှိုင်းယှဉ်ရင် ၇ လကျော်အတွင်းမှာ ၂ ဆ နီးပါး ကျဆင်းလာပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ အမေရိကန် တဒေါ်လာ  ရောင်းဈေး ၃၄၅၀ ကျပ်ရှိခဲ့ရာက ဩဂုတ်လ ၁၃ ရက်မှာတော့ တဒေါ်လာရောင်းဈေး  ကျပ် ၆၄၀၀ ရှိလာတဲ့အတွက် ရာခိုင်နှုန်းအားဖြင် ၈၅ ဒသမ ၅ ရာခိုင်နှုန်း (အဆနဲ့ပြောရင် ၁ ဒသမ ၈၆ ဆ)  ထိ တိုးလာခဲ့တာဖြစ်ပါတယ်။ 

ဒါက ပြီးခဲ့တဲ့ ၇ လကျော်အတွင်းမှာ မြန်မာကျပ်ငွေတန်ဖိုး ၂ ဆ နီးပါး လောက် ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်၊

ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ အလွန်အမင်းကွာဟနေတဲ့ ပြင်ပဒေါ်လာပေါက်ဈေးကို လိုက်ညှိနိုင်ဖို့ ဗဟိုဘဏ်က သတ်မှတ်ရည်ညွှန်းကို ဖြေလျော့ပေးဖို့ ကြိုးစားတာတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ လက်တွေ့မှာ လုပ်နိုင်ဖို့ ခက်ခဲတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာအင်စတီကျူ့ ISP Myanmar ရဲ့ ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက ပြောပါတယ်။

“စီးပွားရေးလည်း မအောင်မြင်၊ ကျန်တဲ့လုပ်ငန်းတွေလည်း မအောင်မြင်၊ နိုင်ငံခြားငွေလည်း ပါးနေတဲ့ အနေအထားရှိတာပေါ့။ အဲဒါရဲ့ လက္ခဏာအနေအထားက ဓာတ်ဆီသွင်းဖို့ ခက်လာတယ်။ ဓာတ်ဆီဆိုင်တွေမှာ တန်းစီရတယ်။ ဒီလိုပြဿနာတွေနဲ့ တွေ့ရတယ်။ ဗဟိုဘဏ်အတွက်အခက်အခဲတခုက ကွာနေတဲ့နှုန်းတခုကို ဘယ်လို စေ့မလဲပေါ့ ၂၁၀၀ မဟုတ်ဘဲနဲ့။ ခုနပြောတဲ့ ပြင်ပပေါက်ဈေးနဲ့ လိုက်မြှင့်နိုင်တဲ့ အနေအထားမရှိဘူး။ ဘယ်လောက်ထိ သူတို့လိုက်ပြီးတော့ ပြင်ပနှုန်းနဲ့ လိုက်ညှိမလဲပေါ့။ ဒါလည်း အခက်အခဲရှိမယ်လို့ ထင်တယ်။”

စစ်ကောင်စီကတော့ ငွေတန်ဖိုးဖောင်းပွပြီး တန်ဖိုးကျဆင်းတာကို ထိန်းညှိဖို့ နည်းမျိုးစုံနဲ့ကြိုးစားပေမဲ့ ငွေကြေးရိုက်ထုတ်သုံးစွဲတာတွေကြောင့် ခက်ခဲနေဦးမှာဖြစ်ပါတယ်။

ထိုင်းငွေတဘတ်က ၂၀၂၄ နှစ်စမှာ ရောင်းဈေး ၉၉ ဒသမ ၅ ကျပ် ရှိခဲ့ရတာ ဩဂုတ် ၁၃ ရက်မှာတော့ ၁၈၄ ကျပ် ဖြစ်လာတဲ့အတွက် ၈၄ ဒသမ ၉ ရာခိုင်နှုန်း ( အဆ ၁ ဒသမ ၅၈ ဆ) တိုးလာတာလည်းဖြစ်ပါတယ်။

ဩဂုတ် ၁၃ ရက်မှာ မြန်မာငွေကျပ် တသိန်းကို ဘတ် ၅၀၀ ပတ်လည်ပဲ ပေါက်ဈေးရှိတဲ့အတွက် ငွေလဲသူတွေအနေနဲ့  လုပ်ငန်းတွေ ရပ်ထားရတယ်လို့  ပြောပါတယ်။

ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့အမျိုးသမီးတဦးက “ငွေလဲတဲ့ အခြေအနေက ဒီနေ့ မနက်အနည်းငယ်တော့ ပြန်တက်လာတယ်လေ၊ မနေ့ကတုန်းကတော့ အတော်လေး ကျသွားတယ်။ မလဲပေးရဲတော့ဘဲနဲ့ တချို့ဆို သူကလည်း မြန်မာငွေပဲရှိတယ်။ ဒီဘက်ကလည်း ဘတ်နဲ့ မချိန်းပေးရဲဘူး။ အဲဒီအတွက် အားလုံး ရပ်နေရတယ်။ ဘာမှ မလုပ်ရဲဘဲ၊ အဲတာကြောင့် ကျမတို့လည်းအရောင်းအဝယ် ရပ်လိုက်ရတယ်။ ခန့်မှန်းလို့ မရဆုံး အခြေအနေမှာရှိတာကိုး။ ပြောင်းလဲမှု အရမ်းမြန်လွန်းတဲ့အချိန်မှာ အန္တရာယ် များလို့လေ”လို့ ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းစ ၂၀၂၁ ခုနှစ် ‌ဖေဖော်ဝါရီ ၁ ရက်မှာ တဒေါ်လာရည်ညွှန်းဈေးက ၁၃၃၀ ကျပ် ဖြစ်ပြီး ထိုင်းတဘတ်ရည်ညွှန်းဈေးက ၄၄ ဒသမ ၃၇ ကျပ်သာ ရှိခဲ့တာဖြစ်ပါတယ်။ 

စစ်မှုထမ်း ဥပဒေကြောင့် သားသမီးကို ပြည်ပပို့ကျောင်းထားပေးခဲ့ပေမဲ့ ၇ လအတွင်း ကျဆင်းသွားတဲ့ မြန်မာငွေကြေးတန်ဖိုးကြောင့် အခက်အခဲတွေ ကြုံနေရကြောင်း ကျောင်းသားမိဘတဦးက ပြောပါတယ်။

“အစ်မတို့ဆိုရင် ထိုင်းမှာ သားကိုကျောင်းထားထားတာ ခြိုးခြံထားရတဲ့အနေအထားမျိုးမှာ အခုမြန်မာငွေက တအားတန်ဖိုးကျနေတဲ့အချိန်မှာ အရင် စပို့တုန်းက မြန်မာငွေတသိန်းကို ထိုင်းဘတ် ၁၀၀၀ သုံးရသေးတယ်။  အခုဆိုရင် မြန်မာငွေတသိန်းကို ထိုင်းဘတ် ၅၀၀ ပဲသုံးရတယ်ဆိုတော့  ဘယ်လိုသုံးမလဲ။ ဒီကနေ ဘယ်လို ပို့ရမလဲ အခက်အခဲတွေရဲ့ တအားကြုံရတယ်။ ဒီမှာဆိုလည်း ကုန်ဈေးနှုန်းတွေက တအားကိုထိုးတက်နေတာ။”

တိုင်းပြည်ရဲ့ စီးပွားရေးဟာ စီမံခန့်ခွဲမှု အလွဲအမှားတွေ ရှိနေသရွှေ့ ဘယ်တော့မှ ကောင်းမွန်လာမှာ မဟုတ်သလို မြန်မာကျပ်ငွေတွေကလည်း ဆက်တိုက်ကျဆင်းကာ ကုန်ဈေးနှုန်းနဲ့ နိုင်ငံခြားငွေကြေးတွေကလည်း ဆက်တိုက် မြင့်တက်နေဦးမှာဖြစ်တယ်လို့ ဘောဂဗေဒပညာရှင် ဒေါက်တာမင်းမင်းသော်ကလည်း DVB ကို ပြောပါတယ်။

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုတွေနဲ့အတူ  ကုန်ဈေးနှုန်းတွေအပြင် ရွှေဈေးကလည်း  ၁၆ ပဲရည် ရွှေတကျပ်သားကို ၂၀၂၄ နှစ်စနဲ့ယှဉ်ရင် ရာခိုင်နှုန်းအားဖြင့် ၁၀၀ ရာခိုင်နှုန်းကျော် ( ၁၀၅ ဒသမ ၉ ရာခိုင်နှုန်း ) ၂ ဒသမ ၀၆ ဆ အထိ တိုးလာတယ်လို့ DVB Data  အရ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013