Home
မြန်မာသတင်း
ကျပ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းမှုကြောင့် ရန်ကုန်အိမ်ခြံမြေအရောင်းဈေးမြင့်တက်
DVB
·
July 26, 2024

မြန်မာနိုင်ငံအနှံ့က တိုက်ပွဲတွေကြောင့် ရန်ကုန်ကို စစ်ရှောင် ပြောင်းရွှေ့လာသူတွေ များလာသလို၊ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းတာတွေကြောင့် ရန်ကုန်မှာ အိမ်ခြံမြေ အရောင်းဈေးကွက် မြင့်တက်နေပါတယ်။

ဇူလိုင်လဆန်းပိုင်းကစလို့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကြောင့် နိုင်ငံရဲ့ နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ မန္တလေးတိုင်း မိုးကုတ်ဒေသနဲ့ ရခိုင်ပြည်နယ်တို့မှ ဒေသခံတွေဟာ ရန်ကုန်ကို အများအပြား ပြောင်းရွှေ့လာကြတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ပြည်တွင်းက ပုဂ္ဂလိက ဘဏ်တွေမှာ ငွေအလွယ်တကူ ထုတ်လို့မရတာနဲ့ မြန်မာကျပ်ငွေ တန်ဖိုး ဆက်တိုက် ကျဆင်းတာတွေကြောင့် ကျပ်ငွေ မကိုင်ထားချင်သူတွေ အိမ်ခြံမြေ ရင်းနှီးမြှုပ်သူ ပိုများလာပြီး တိုက်ခန်း အရောင်းဈေးကွက်က ဈေးပိုတက်လာတယ်လို့ အိမ်ခြံမြေအရောင်း ဈေးကွက်ဆီက သိရပါတယ်။

ရန်ကုန်မြို့ခံ အမျိုးသမီးတဦးက “စစ်ရှောင်တွေ များလာတာကြောင့်လို့လည်း ပြောတယ်။ နောက် ဒီငွေဈေးကြောင့်လို့လည်း ပြောတယ်။ အခုကလည်း ဘဏ်တွေက ငွေသွင်းရထုတ်ရ ခက်နေတာကိုး။ အဲ့လိုဖြစ်နေတော့ ပိုက်ဆံတွေ လက်ထဲ မကိုင်ထားကြတာလည်း ပါတယ်။ အခုလပိုင်းတွေ လပိုင်းတွေဆိုရင် နယ်တွေကနေ အုပ်စုလိုက် အုပ်စုလိုက် ပြောင်းရွှေ့လာကြတာတွေ အများဆုံးဖြစ်တယ်။ ရန်ကုန်မှာတော့ စစ်ရှောင်ရွှေ့ပြောင်းတွေတော့ တော်တော့်ကို အများကြီး တွေ့ရတယ်။ ဒါကတော့ ကျမတို့ မရမ်းကုန်းမှာရှိတဲ့ တိုက်ခန်းတွေ အခြေအနေတွေကို ပြောပြတာပေါ့”လို့ ပြောပါတယ်။

မြန်မာပြည်တွင်း အိမ်ခြံမြေဈေးကွက်ဟာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု၊ ငွေကြေး ဖောင်းပွမှုတွေ အပေါ်မှာ သက်ရောက်မှုရှိတယ်လို့လည်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောဆိုပါတယ်။

စစ်တပ် အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်း အိမ်ခြံမြေဈေးကွက်ကို   ငွေပိုငွေလျှံရှိသူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ စုပြုံဝင်ရာက်ခဲ့ပြီးနောက် အိမ်ခြံမြေဈေး ၂ ဆကနေ  ၃ ဆလောက်ထိ တက်လာတယ်လို့ အိမ်ခြံမြေ လုပ်ကိုင်သူတွေဆီက သိရပါတယ်။

တိုက်ခန်းအရောင်း ပိုင်ရှင်တဦးက “အရောင်းအဝယ် ဈေးနှုန်းကတော့ အရမ်းကို ခေါင်ခိုက်ပါတယ်။ အရင်တုန်းက ကျနော် တိုက်ခန်းဝယ်တာ ၂၀၁၆ လောက်က ဝယ်တာ။ အဲ့တုန်းကဆို နေရာကောင်းတယ်။ တောင်ဥက္ကလာတို့၊ မြင်သာတို့ လမ်းမဘက်မှာတောင် ၂၀၁၆ လောက်က ၈၀၀၊ ၉၀၀၊ ၁၀၀၀ အဲ့ကြားဆို မြေညီထပ်ရပြီ။ အပေါ်ဆုံးထပ် ၆ လွှာဆို ၄၀၀၊ ၅၀၀ ပေါ့။ အခု ဒီကာလမှာတော့ အပေါ်ဆုံးထပ်တောင် ၈၀၀ လောက် ဖြစ်နေပြီ။ အောက်ဆိုရင် ၁၅၀၀၊ ၂၀၀၀ လောက် ဖြစ်နေတယ်။ အရောင်းအဝယ်ကတော့ ပါးပါတယ်။ တိုက်ခန်းဈေးက တအား ခုန်တက်နေတယ်”လို့ ပြောပါတယ်။

မကြာသေးခင်က ဘဏ် ၇ ဘဏ်ကို သတ်မှတ်ထားတဲ့ ရာခိုင်နှူန်းကျော်ပြီး အိမ်ရာချေးငွေတွေ ထုတ်ချေးလို့ အရေးယူမယ်ဆိုပြီး စကစက ထုတ်ပြန်လိုက်ပြီးနောက်မှာ လူတွေက စိုးရိမ်ပြီး ဘဏ်အပ်ငွေတွေ ထုတ်လာကြပါတယ်။

အဲဒီနောက် ဗဟိုဘဏ်က ထုတ်‌ပေးတဲ့ ငွေစက္ကူအသစ်တွေကြောင့် ငွေကြေးဖောင်းပွပြီး ကျပ်ငွေ တန်ဖိုး ထိုးကျလာမှာကို လူတွေ စိုးရိမ်လာကြပြီးနောက် အိမ်ခြံမြေဈေးတွေ ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။

အင်းစိန်မြို့နယ် နေထိုင်သူတဦးက “တိုက်ခန်းက အငှားကော အဝယ်ကော ၃၊ ၄ လလောက်ရှိပြီ များတာ။ သင်္ကြန်လောက်ကဆို မြို့စွန် မြေညီထပ်လောက် အခန်းရောင်းတာ ၇၀၀၊ ၈၀၀ လောက်ရှိတယ်။ အမတို့ဘက်က အခန်းတွေဆို အင်းစိန်ဘက်ဆိုတော့ မြို့စွန်ဘက်လေ။ အခုဆို ၁၀၀၀ ကျော်သွားပြီ။ ၆ လွှာ၊ ၇ လွှာဆို အခု သိန်း ၄၀၀ ဝန်းကျင် ဖြစ်နေပြီ။ အရင်တုန်းကဆို ၂၀၀ လောက်ပဲ ရှိတယ်”လို့ ပြောပါတယ်။

လက်ရှိ မြန်မာပြည်တွင်း နိုင်ငံ‌ရေး အခြေအနေအရ ကာလတခုအထိ  အိမ်ခြံမြေ ဈေးနှုန်း ဆက်တက်နေဦးမယ်လို့ အများစုက ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကဘဏ်အများစုက အိမ်ရာချေးငွေ ချပေးတာတွေ ယာယီ ရပ်တန့်လိုက်ကြတာကြောင့် ဘဏ်ချေးငွေနဲ့ချိတ်ပြီး အိမ်ရာဝယ်ယူမှုတွေ လျော့သွားခဲ့သလို လက်ရှိ ငွေကြေးဖောင်းပွမှုတွေကြောင့် အိမ်ခြံမြေ အရောင်းဈေးကွက် ဆက်မာနေဦးမယ်လို့ အကျိုးဆောင်တွေက ပြောဆိုနေကြပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013