၂၀၂၁ ခုနှစ် နောက်ပိုင်း လှုပ်ခတ်လာခဲ့တဲ့ နေပြည်တော်အိမ်ခြံမြေဈေးဟာ ပြန်လည် ငြိမ်သက်နေပြီး အများစုက အိမ်ငှားတွေနဲ့သာ အလုပ်ဖြစ်နေတယ်လို့ နေပြည်တော် အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်အိမ်ခြံမြေဈေးကွက် လှုပ်ခတ်ခဲ့ရာ ပုဗ္ဗသီရိမြို့နယ်နဲ့ ဒက္ခိဏသီရိ မြို့နယ်တွေမှာ အများဆုံးအရောင်းအဝယ်တွေ ဖြစ်ခဲ့တာပါ။
အိမ်ခြံမြေအကျိုးဆောင်တဦးက "အရောင်းအဝယ်က မဖြစ်သလောက်ပဲ။ ရှိတော့ ရှိတယ် ပါးတယ်။ အတိအကျပြောရရင် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ထဲက အရောင်းအဝယ်တွေ အေးသွားတာ။ အဝယ်တွေ သိပ်မလာတော့ဘူး။ အငှားတွေပဲ လာတာများတယ်" လို့ ပြောပါတယ်။
နေပြည်တော်မှာ အိမ်ငှားရမ်းလိုသူ အများစုဟာ ဒက္ခိဏသီရိမြို့နယ်ထဲက ရွှေကြာပင်ရပ်ကွက်မှာ သာ ငှားရမ်းနေထိုင်ကြတာများတယ်လို့လည်း သိရပါတယ်။
နေပြည်တော်ရဲ့ အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်ဟာ အရင်က ရှိသင့်တဲ့ပမာဏထက် များစွာ လျော့ကျနေခဲ့ရာကနေ ပြီးခဲ့တဲ့ ကိုဗစ်ရောဂါတွေ ဖြစ်ပွားတဲ့ကာလနဲ့ ၂၀၂၁ နောက်ပိုင်း လက်ရှိ နိုင်ငံတွင်း မတည်ငြိမ်မှုတွေကြောင့် လာရောက်နေထိုင်သူများလာပြီး အရောင်းအဝယ် ဈေးကွက် ဟာ နှစ်ဆလောက်အထိ မြင့်တက်ခဲ့ဖူးပါတယ်။