Home
မြန်မာသတင်း
မြန်မာဝယ်လက်များကို ဖမ်းဆီးပိတ်ပင်မှုကြောင့် ထိုင်းကွန်ဒိုဈေးကွက်ထိခိုက်
DVB
·
June 10, 2024
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြင်ကွင်း။ (Photo-DVB)

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ ကွန်ဒိုဝယ်ယူမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးပိတ်ပင်မှုတွေကြောင့် ထိုင်းကွန်ဒိုဈေးကွက်မှာ သိသိသာသာ ထိခိုက်ကျဆင်းလာနိုင်တယ်လို့ ထိုင်းကွန်ဒိုမီနီယံလုပ်ငန်းရှင်များအသင်းရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီရဲ့ စိစစ်အရေးယူကန့်သတ်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာပဲ ပြီးခဲ့တဲ့ ဧပြီနဲ့ မေလတွေအတွင်း ဘတ်ငွေ ၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ကွန်ဒိုအခန်းတွေကို မြန်မာနိုင်ငံက ဝယ်ယူသူတွေဆီ လွှဲပြောင်းမှုတွေ ပိတ်ပင်ခံခဲ့ရတယ်လို့ အသင်းဥက္ကဋ္ဌ ပရာဆက် တေဒူလေရာဆာထစ်က ပြောပါတယ်။

“ဒီဖြိုခွင်းမှုဟာ နိုင်ငံခြားဝယ်လက်တွေကြား ထွန်းသစ်စဈေးကွက်ဖြစ်တဲ့ ထိုင်းကွန်ဒိုတွေကို ဝယ်ယူတဲ့ မြန်မာဖောက်သည်တွေအတွက် အခက်အခဲဖြစ်စေနိုင်တာကြောင့် Developer တွေရဲ့ ကွန်ဒိုအပြောင်းအရွှေ့တွေကို ဒုတိယနဲ့ တတိယသုံးလပတ်တွေမှာ ထိခိုက်စေမှာ အသေအချာပါပဲ။”

ဒါ့အပြင် လက်ရှိထိုင်းကွန်ဒိုဈေးကွက်မှာ အဓိကဝယ်လက်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဝယ်လိုအား နှေးကွေးလာတာနဲ့အမျှ ထိုင်းပြည်တွင်းဝယ်ယူသူတွေထက် မြန်မာဝယ်လက်တွေဆီက ကွန်ဒိုဝယ်ယူမှုတွေ တသမတ်တည်း တိုးလာနေတာကြောင့် လျစ်လျူမရှုနိုင်ကြောင်းလည်း သူက ပြောပါတယ်။

ထိုင်းနိုင်ငံ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) ရဲ့ အဆိုအရ တနိုင်ငံလုံး အတိုင်းအတာနဲ့ မြန်မာနိုင်ငံသားတွေ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုဟာ ၂၀၂၂ ခုနှစ်မှာ ပိုမိုမြင့် တက်လာခဲ့ပြီး ကွန်ဒိုတိုက်ခန်းလွှဲပြောင်းဝယ်ယူမှုထိပ်တန်း ၁၀ နိုင်ငံစာရင်းကနေ ၅ နိုင်ငံစာရင်းထဲအထိ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံက ဝယ်ယူသူတွေဟာ ဘတ်ငွေ ၂ ဒသမ ၅၅ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုယူနစ် ၃၄၉ ခန်းကို ဝယ်ယူပြီး လွှဲပြောင်းတန်ဖိုးရဲ့ တတိယအဆင့်နဲ့ အခန်းယူနစ် ပိုင်ဆိုင်မှု အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ ဘတ်ငွေ ၃ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုယူနစ် ၅၆၄ ခန်းနဲ့ အဆင့် ၄ နေရာထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ကွန်ဒိုယူနစ်ဝယ်ယူမှုတွေဟာ အခုနှစ်ထဲမှာပါ ဆက်လက်တိုးတက်နေပြီး ပထမသုံးလပတ်ထဲမှာ အဆင့် ၂ နေရာထိ မြင့်တက်လာကာ ထိုင်းဘတ်ငွေ ၂ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအလုံး ၃၉၂ လုံးထိ ဝယ်ယူကာ ရုရှားဈေးကွက်ထက် သာလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) ရဲ့ အဆိုအရ တရုတ်နိုင်ငံကတော့ ၂၀၁၈ ခုနှစ်ကတည်းက ထိုင်းကွန်ဒိုဈေးကွက်ရဲ့ ထိပ်တန်းနိုင်ငံခြား ဝယ်ယူသူအဖြစ် ဆက်လက်ရပ်တည်ခဲ့ပြီး ကွန်ဒိုယူနစ်အရေအတွက်နဲ့ တန်ဖိုး နှစ်ခုလုံးရဲ့ ထက် ဝက်ကျော်ပါဝင်နေတယ်လို့ ပြောပါတယ်။

မြန်မာ့ဝယ်လက်ဈေးကွက်ဟာ ၂၀၂၁ ခုနှစ် နိုင်ငံရေးမငြိမ်မသက်ဖြစ်ကတည်းက မြင့် တက်လာခဲ့သလို တချို့ Developer တွေက သူတို့ရဲ့ ကွန်ဒိုတိုက်ခန်းတွေကို နိုင်ငံခြားသားတွေဆီ လွှဲပြောင်းမှုရဲ့ ထက်ဝက်ဟာ မြန်မာနိုင်ငံက ဖြစ်တယ်လို့ ပြောတဲ့အကြောင်း REIC ယာယီညွှန်ကြားရေးမှုး ဝီချိုင်ဝီရက်ကဖန်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ တန်းဖိုးမြင့် ကွန်ဒိုအိမ်ရာစီမံကိန်းတွေကို ဝယ်ယူသူအများစုက စစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ အသိုက်အဝန်းက အများဆုံးဖြစ်ပြီး အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်းတွေရော လက်ရှိ စစ်တပ်မှာ တာဝန်ထမ်းဆောင်နေဆဲ ရာထူးပိုင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းတုန်းကတော့ ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းတွေကို ရန်ကုန်မြို့၊ ဆီဒိုး နားဟိုတယ်မှာ အရောင်းပြပွဲ ပြုလုပ်ခဲ့တဲ့ မင်းသူကုမ္ပဏီမှ တာဝန်ရှိသူ ၂ ဦးနဲ့ ထိုင်းမှာ ကွန်ဒို ဝယ်ထားသူ ၃ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးအရေးယူကြောင်း သတင်းထုတ်ပြန်ထားခဲ့တာပါ။

စစ်ကောင်စီက ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူသူတွေ၊ တရားမဝင် ဟွန်ဒီ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ် ခွင့်ပြုချက်မရဘဲ ပြည်ပမှာ ဘဏ်စာရင်း ဖွင့်လှစ်ထားသူတွေကို အရေးယူမယ်လို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာတော့ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် စီးပွားရေးလုပ်ငန်း ရှင်တချို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းတွေ အဝယ်များလာခဲ့ကာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကြောင့် လောလောဆယ်မှာ ထိုင်းကွန်ဒို အရောင်းအဝယ်တွေ ရပ်တန့် သွားနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

Source:Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013