Home
မြန်မာသတင်း
ကရင်နှင့် မွန်ပြည်နယ်တို့တွင် ရေကြီးရေလျှံ မြေပြိုသတိပေး
DVB
·
June 10, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ရေကြီးနေ့သည့်မြင်ကွင်း။ Photo_DVB)

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ဇွန် ၂၃ ရက်အထိ မိုးများနိုင်ပြီး ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဇွန်အစပိုင်းမှာ မြန်မာတနိုင်ငံလုံး မိုးရာသီရောက်ရှိလာတာဖြစ်ပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ဇွန် ၂၃ ရက်အထိ မိုးဆက်များနိုင်ကာ မိုးများတာကြောင့် ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေဖြစ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ မြစ်ရေတွေကို တွက်ချက်ပြီး ပြောပါတယ်။

လာမယ့် ဇွန် ၂၃ ရက်ထိ မိုးဆက်ရွာနိုင်ပြီး စံချိန်တင်မိုးရေချိန်တွေနဲ့ စိုးရိမ်ရေမှတ်အထိ မြစ်ရေတက်မှုအခြေအနေနဲ့ မိုးများပြီး ရေကြီးရေလျှံမှုတွေကြောင့် တောင်ပြို မြေပြိုမှုကို သတိထားဖို့ ပြောပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်က “ကျနော်တို့ ကရင်ပြည်နယ် မွန်ပြည်နယ်တို့နဲ့ ပြောမယ်ဆိုရင်  မြဝတီသောင်ရင်းမြစ်က‌တော့ အတက်ကြမ်းတုန်းပဲ  စင်တီမီတာက ၂၅၁ စင်တီမီတာတောင်မှ တက်တယ်ဆိုပြီး ပြောထားတယ်၊ ၈ ပေ လောက်တောင် အတက်ရှိတယ်။၊ သူတို့ကလည်း စိုးရိမ်ရေမှတ်ကိုရောက်တော့မယ် ဆိုပြီး ပြောထားတယ်။ မြဝတီမှာလည်း ရေကြီးနေတဲ့ အနေအထားလည်းရှိတယ်။ လာမယ့် ၂၃ ရက်ထိက မိုးများတယ်၊ မိုးရွာရန်ရွာခိုင်နှုန်းကလည်း များတယ်၊ ၈၅ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းထိ တောက်လျှောက်ရှိတယ်။ မော်လမြိုင်လို နေရာမျိုးဆိုရင်လည်း မိုးရေချိန်က မီလီမီတာ ၅၀ ကျော် ၆၀ နီးပါးလောက်ထိ ရွာနေတုန်းပဲ။ မိုးကဆက်ပြီးတော့ များနေမယ်၊ အနည်းဆုံး နောက်လေးရက် အတွက်ကတော့ မိုးရွာရန်က ၉၀ အထက်မှာချည်းပဲ။  ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ အဲဒီတောင်ကြော တလျှောက်က မြေပြိုတတ်တယ်ပေါ့၊ ဒီနေရာတွေကတော့ အထူးသတိထားဖို့ လိုပါတယ်ဗျ။ မိုးကတော့ နည်းသွားမယ့်အနေအထားတော့ မတွေ့သေးဘူး” လို့ ပြောပါတယ်။

မိုးများလို့ ရေကြီး ရေလျှံတာနဲ့ တောင်ပြို မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်ကြုံလာရင် ကယ်ဆယ်ရေးအသင်းတွေစုပေါင်းပြီး ကူညီကယ်ဆယ်ဖို့ ပြင်ဆင်ထားတယ်လို့  မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှ ဒေသခံကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

“အသင်းတွေ အားလုံးလည်း ရယ်ဒီဖြစ်နေပြီ၊ နောက်ပြီး လေ့ကျင့်မှု ဆောင်ရွက်မှုကလည်း ပြီးစီးသွားပြီ ခင်ဗျ။ အဲဒီတော့ ကျနော်တို့က လက်ရှိသဘာဝဘေး အန္တရာယ်တွေဖြစ်ပေါ်လာပါက အချိန်နဲ့တပြေးညီ  ကူညီဖို့ကို အသင်းအားလုံးနဲ့တကွ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တွေအားလုံးကတော့ အသင့်အနေအထား ရှိနေပါပြီ။ အဓိက ကတော့ ကျနော်တို့ မွန်ပြည်နယ်က နှစ်စဉ် မိုးရေချိန်များပြီး ရေကြီးရေလျှံတာတွေ ဖြစ်တယ်ပေါ့။ ဒါ့ကြောင့် ကျနော်တို့ ပြည်သူတွေကို အသိပေးချင်တာကတော့ အဓိက မိုးလေဝသသတင်းတွေ ဆက်တိုက်နားထောင်ပါ၊ နှစ်စဉ် ရေကြီးတတ်တဲ့ ရပ်ကွက်တွေရှိရင် သက်ကြီးရွယ်အိုတွေရှိရင် မိုးအရမ်းများလာရင် ကြိုတင်ပြောင်းရွှေ့တာတွေလုပ်ပါ။ လိုအပ်ရင် ကျနော်တို့ကိုလည်း အကူအညီ တောင်းခံနိုင်ပါတယ်။ မော်လမြိုင်မြို့မှာရှိတဲ့ လူမှုကယ်ဆယ်ရေး အသင်းတွေကိုလည်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။”

အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်ကနေ အားကောင်းလာနေတဲ့အတွက် လာမယ့် ၃ ရက်အတွင်းမှာ ကရင်၊ မွန်နဲ့ တနင်္သာရီတိုင်းတို့အပါအဝင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်တောင်ပိုင်းဒေသတွေနဲ့  မြိတ်မြို့အထက်ပိုင်းထားဝယ်ဘက်တွေလည်း မိုးများနိုင်တယ်လို့ သိရပါတယ်။

ရန်ကုန်ကနေ တနင်္သာရီကမ်းရိုးတမ်းတလျှောက်နဲ့ ရခိုင်ကမ်းရိုးတမ်းတလျှောက်မှာလည်း မိုးထစ်ချုန်း ရွာကာ ပင်လယ်လေ  ၅ မိုင်ကနေ ၁၀ မိုင်ထိ တိုက်ခတ်နိုင်ပြီး ရံဖန်ရံခါ မိုင် ၃၀ မှ ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013