ဧရာဝတီတိုင်းတွင် အခုနှစ် အချိန်အခါမဟုတ်တဲ့ မိုးဒဏ်ကြောင့် ပဲတီစိမ်းနဲ့ မတ်ပဲခင်း ဧကထောင်ချီ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း ရက်ဆက်ရွာသွန်းတဲ့မိုးဒဏ်ကြောင့် ဧရာဝတီတိုင်းထဲက ပုသိမ်၊ သာပေါင်း၊ ရေကြည်၊ ဓနုဖြူ၊ ဝါးခယ်မ၊ ဘိုကလေး၊ ဇလွန်၊ ဟင်္သာတ၊ မြောင်းမြ၊ ကျိုက်လတ် စတဲ့မြို့နယ်တွေမှာ တောင်သူတွေ စိုက်ပျိုးထားတဲ့ မတ်ပဲနဲ့ ပဲတီစိမ်း စိုက်ခင်းတွေ ရေနစ်မြုပ် ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
ကျိုက်လတ်မြို့နယ်မှ တောင်သူတယောက်က “ပဲခင်းတွေ နှစ်ပတ်ကျော်ကျော်လောက်အထိ ရေနစ်မြုပ်ခဲ့တာ။ အဲတော့ ပုပ်ပြီး ပျက်စီးကုန်တာပေ့ါ။ ရိတ်သိမ်းဖို့ တော်နေတဲ့အချိန် မိုးမိတာ ဘာမှကို ပြန်မရခဲ့ဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာ ရေနစ်မြုပ်မှုကြောင့် မတ်ပဲနဲ့ ပဲတီစိမ်း စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အခြေအနေကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေက စာရင်းကောက်ယူတာ မရှိဘူးလို့ ဆိုပါတယ်။
ဝါးခယ်မမြို့နယ်က တောင်သူတယောက်ကလည်း “နှမျောတာပေါ့၊ နှစ်ဧကကျော်ကျော် ပျက်စီးခဲ့တာ။ ရိတ်ဖို့ ရက်ပိုင်းပဲလိုတော့တဲ့ အချိန်လေ။ ဘာမှပြန်မရတော့ ပိုဆိုးတယ်။ ထောက်ပံ့တာရဖို့မပြောနဲ့ စာရင်းကောက်ယူတာတောင် မလုပ်ခဲ့ဘူး” လို့ ပြောပါတယ်။
အဲဒီလို ပဲခင်းတွေ အချိန်အခါမဟုတ် မိုးဒဏ်ကြောင့် ပျက်စီးခဲ့လို့ တောင်သူတယောက်ကို ပျမ်းမျှ ငွေကျပ် ၁၅ သိန်းနဲ့အထက် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ မတ်ပဲနဲ့ ပဲတီစိမ်း ဧက ၁၇ သိန်းအထိ နှစ်စဉ် စိုက်ပျိုးထုတ်လုပ်ကြပြီး နွေသီးနှံစိုက်ပျိုးရာသီမှာ မတ်ပဲနဲ့ ပဲတီစိမ်းကို အဓိကစိုက်ပျိုးကြတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။
Photo - တော်ဝင် + မင်းမင်း