Home
နိုင်ငံတကာ
အီးယူ ပါလီမန်ရွေးကောက်ပွဲ၌ ပြင်သစ်နှင့် ဂျာမနီ အာဏာရပါတီများ အရေးမလှ
DVB
·
June 10, 2024
Photo-Reuters

ဥရောပလွှတ်တော်ရွေးကောက်ပွဲတွေမှာ မျှော်မှန်းထားသလိုပဲ ဥရောပပေါင်းစည်းရေးကို မလိုလားတဲ့၊ ရွှေ့ပြောင်းအခြေချမှုကို ဆန့်ကျင်တဲ့ လက်ယာစွန်းဝါဒီ အမျိုးသားရေးသမားတွေ အားကောင်းလာခဲ့ပါတယ်။

အမတ်နေရာ ၇၂၀ ရှိတဲ့ ဥရောပပါလီမန်မှာ ဗဟို၊ လစ်ဘရယ်နဲ့ ဆိုရှယ်စ်ပါတီတွေက လူများစုအဖြစ် ဆက်ထိန်းထားနိုင်ပေမဲ့ ပြင်သစ်နဲ့ ဂျာမနီ အာဏာရပါတီတွေ အရေးမလှခဲ့ကြပါဘူး။

အဖွဲ့ကြီးရဲ့ မူဝါဒကို အဓိကရှေ့ဆောင်တဲ့ အင်အားကြီးနှစ်နိုင်ငံရဲ့ မဲရလဒ်ဟာ သမဂ္ဂရဲ့ အနာဂတ် ရပ်တည်ချက်အပေါ် သက်ရေက်လာနိုင်ပါတယ်။

ဥရောပရွေးကောက်ပွဲမှာ အခြေအနေမကောင်းဖြစ်ခဲ့တဲ့နောက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြည်တွင်းလွှတ်တော်ရွေးကောက်ပွဲတွေကို အချိန်စောပြီး ဇွန် ၃၀ ရက်မှာ ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါဟာ သူနဲ့ သူ့ပါတီအပေါ် လူထုထောက်ခံမှု ဆက်ရှိ၊ မရှိကို စွန့်စား အလောင်းအစား လုပ်လိုက်တာ ဖြစ်ပါတယ်။

အကယ်၍ ပြည်တွင်းရွေးကောက်ပွဲမှာ ထပ်ရှုံးရင် မက်ခရွန်ဟာ နိုင်ငံခြားရေး၊ စစ်ရေးလို ကိစ္စတွေမှာ ဆက်ဦးဆောင်နိုင်သေးပေမဲ့ ပြည်တွင်းရေးရာတွေမှာ အတိုက်အခံတွေ လွှမ်းမိုးသွားနိုင်ပါတယ်။

မက်ခရွန်လိုပဲ ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်ရဲ့ ဆိုရှယ်ဒီမိုကရက်တွေအတွက်လည်း အဆိုးဆုံးရလဒ် ထွက်လာခဲ့ပြီး ဂျာမနီမှာ ပင်မ ကွန်ဆာဗေးတစ်တွေနဲ့ လက်ယာစွန်း သဘောထားတင်းမာတဲ့ AfD ပါတီ အခြေအနေ ကောင်းခဲ့ပါတယ်။

အီတလီမှာတော့ ဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီရဲ့ ပါတီက မဲအများဆုံးရခဲ့ပြီး သူ့အနေအထားကို ပိုအားကောင်းစေခဲ့ပါတယ်။

နိုင်ငံအသီးသီးက ဗဟိုလက်ယာယိမ်းပါတီတွေ ပူးပေါင်းထူထောင်ထားတဲ့ ဥရောပပြည်သူ့ပါတီ (EPP) ညွန့်ပေါင်းဟာ အမတ်နေရာ ၅ နေရာ တိုးရပြီး ၁၈၉ နေရာနဲ့ လွှတ်တော်ထဲမှာ အကြီးဆုံးအင်အားစုအဖြစ် ဆက်ထိန်းထားနိုင်ပါတယ်။ EPP မှာ ပိုလန်နဲ့ စပိန်အာဏာရပါတီတွေ ပါဝင်ပါတယ်။

ဒါကြောင့် EPP ပါတီက ဖြစ်တဲ့ လက်ရှိ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန် နောက်ထပ် ၅ နှစ်သက်တမ်း တာဝန်ယူဖို့ အခြေအနေ ကောင်းသွားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013