Home
မြန်မာသတင်း
မင်းကြီးဟိုတယ်တွင် လူငယ်များ ခိုက်ရန်ဖြစ်ပြီး စစ်တပ်က ဝင်စီး၊ ၂၀ ခန့် ဖမ်းဆီးခံထားရ
DVB
·
June 10, 2024
ဓာတ်ပုံ- မင်းကြီးဟိုတယ် လူမှုန်ကွန်ရက်စာမျက်နှာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သဇင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ မင်းကြီးဟိုတယ် ရေကူးကန်မှာ ‌ဇွန် ၉ ရက် နေ့လယ် ၂ နာရီခွဲလောက်က ရေကူးနေတဲ့ လူငယ်တွေ ခိုက်ရန်ဖြစ်ပွားရာမှ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ်အားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

စစ်တပ်ကက စစ်ကား ၃ စီးနဲ့ ဟိုတယ်ရေကူးကန်အထိ လာရောက်ကာ ရေကူးနေတဲ့ လူငယ်အားလုံးကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အတွင်းကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ရေကူးကန်ကို သွားရောက်ခဲ့တဲ့ လူငယ်တဦးက “ဒီနေ့က တနင်္ဂနွေနေ့လေ။ အဲဒါ ကျောင်းကပိတ်တော့ လူငယ်ပိုင်းအဖွဲ့လိုက်တွေ အများကြီး အဲဒီမှာ ရေကူးကြတာရော၊ KTV မှာ သီချင်းဆိုကြတာရောပဲ။ လူသွားများတဲ့ ဦးကြီးငွေ ရေကူးကန်က ပိတ်ထားတော့ မင်းကြီးမှာ လူကများသွားတာ။ လူငယ်တွေ မူးနေကြတာဆိုတော့ သိတဲ့အတိုင်း အဖွဲ့လိုက်တွေ တဖွဲ့နဲ့တဖွဲ့ အထိအငြိမခံတာကနေ ယောကျ်ားလေးအဖွဲ့ ၂ ဖွဲ့ ရန်ဖျစ်တာကနေ စစ်တပ်က လာခဲ့တာ။  ဒါပြီး ရေကူးကန်မှာရှိတဲ့ ယောက်ျားလေး၊ မိန်းကလေး အကုန် ကားပေါ်တက်ဆိုပြီး အမိုးမပါတဲ့ စစ်ကား‌ပေါ် အကုန်ခေါ်တင်ပြီး ဒကစထဲ ခေါ်သွားတာ” လို့ပြောပါတယ်။

ဒကစအတွင်းရောက်ပြီးနောက် အသက် ၁၈ နှစ်အောက်လူငယ်တွေနဲ့ အမျိုးသမီးတွေ၊ ကျောင်းသား ၄၀ ဝန်းကျင်‌လောက်ကို စစ်ဆေးမှုမရှိဘဲ ချက်ချင်းပြန်လွှတ်ပေးလိုက်ပြီး အသက် ၁၈ နှစ်အထက်အမျိုးသားတွေကို‌တော့ မိဘအုပ်ထိန်းသူရဲ့ ခံဝန်ကတိနဲ့ စစ်မှုထမ်းဖို့အတွက် မဲနှိုက်ပြီး ပြန်လွှတ်‌ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ မိဘအုပ်ထိန်းသူနဲ့ နီးစပ်သူတဦးက "ငါတို့တူက ဒီနေ့ကျမှ ရေကူးကန်ကို သွားတာ။ အဖမ်းခံရပြီး စစ်တပ်ဘက်က ဖုန်းဆက်ခဲ့တာ။ မိဘအုပ်ထိန်းသူ ကိုယ်တိုင်လာပြီး ခံဝန်ကတိနဲ့ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်နဲ့ လာခေါ်ဖို့ ဒကစကို ခေါ်တာ။ အဲဒီရောက်တော့ စစ်မှုထမ်းဖို့အတွက် မဲနှိုက်ရမယ် ပြောတယ်။ ဒါနဲ့ လန့်သွားကြတာ ချက်ချင်းများ ခေါ်မှာလားဆိုပြီး။ ဒါနဲ့ သူတို့က ပြန်ပြောတယ်။ သူတို့ စစ်မှုထမ်းဖို့အတွက် လိုအပ်ခဲ့ရင် ခေါ်မယ်ပေါ့။ လောလောဆယ် မိဘအုပ်ထိန်းသူ လာခေါ်တဲ့ သားတွေက ၂၈ ရှိတော့ ၂၈ ယောက်အတွက် မဲနှိုက်ရတယ်။ အဲဒီမှာ မဲနှိုက်ပြီး သူတို့ဆီမှာ အိမ်ထောင်စု‌စာရင်း၊ မှတ်ပုံတင်၊ အိမ်လိပ်စာ အချက်အလက် အကုန်ယူထားပြီး ခံဝန်နဲ့လက်မှတ်ထိုးပြီး ခေါ်ခဲ့ရတယ်။ သူတို့က ပြောတယ်။ စစ်မှုထမ်းရမှာစိုးလို့ PDF ထဲ မဝင်ရဘူး။ မြို့အတွင်းကနေ ဘယ်ကိုမှ ခရီးလည်း မသွားရဘူး ပြောတယ်။ အချက်အလက် အတိအကျ သူတို့ယူထားတယ်‌ပေါ့။ လိုအပ်လို့ ခေါ်လို့ မရှိရင် အိမ်ကိုလိုက်ပြီး ချိပ်ပိတ်မယ့်ပုံစံမျိုးပြောတယ်” လို့ ပြောပါတယ်။

ခံဝန်ကတိနဲ့ မိဘအုပ်ထိန်းသူ လာမထုတ်နိုင်သေးတဲ့ လူငယ်တွေလည်း ရှိနေပြီး အဲဒီလူငယ်တွေနဲ့ ရန်ဖြစ်ကြတဲ့ လူငယ် ၂၀ လောက်ကိုတော့ စစ်ကောင်စီက ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းပြုစုချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇွန် ၇ ရက်အထိ ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက အရပ်သား ၂၆၈၃၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ‌ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013