မက္ကဆီကို အာဏာရ မိုရီနာပါတီနဲ့ မဟာမိတ်တွေဟာ အောက်လွှတ်တော်ရွေးကောက်ပွဲမှာ Super Majority လို့ခေါ်တဲ့ အမတ် ၃ ပုံ ၂ ပုံကျော်အထိ အနိုင်ရခဲ့ပြီး အထက်လွှတ်တော်မှာလည်း ၃ ပုံ ၂ ပုံ ပြည့်ဖို့ ၂ ယောက်ပဲ လိုခဲ့တယ်လို့ ပါတီဥက္ကဋ္ဌက ဇွန် ၉ ရက်မှာ အတည်ပြုပါတယ်။
အခြေခံဥပဒေပြင်ဆင်နိုင်ဖို့အတွက် လွှတ်တော် ၂ ရပ်စလုံးမှာ ထောက်ခံသူ ၃ ပုံ ၂ ပုံကျော်ရဖို့ လိုအပ်ပါတယ်။
ဇွန် ၂ ရက် ရွေးကောက်ပွဲမဲရလဒ်တွေအရ သမ္မတရွေးရာမှာလည်း အာဏာရပါတီမှ ကလော်ဒီယာရှိန်းဘောင်းက အပြတ်အနိုင်ရပြီး ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတော့မှာပါ။
မိုရီနာပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းမှာ ဂရင်းပါတီနဲ့ လေဘာပါတီတို့ ပါဝင်ပြီး အောက်လွှတ်တော်အမတ် ၅၀၀ မှာ ၃၇၂ နေရာတောင် ရခဲ့တာဖြစ်ပါတယ်။
အထက်လွှတ်တော်မှာတော့ ၁၂၈ နေရာမှာ ၈၃ နေရာနိုင်ပြီး ၃ ပုံ ၂ ပုံပြည့်ဖို့ ၂ ယောက်ပဲ လိုတာဖြစ်ပြီး ဒီအခြေအနေမှာ အမတ် ၂ ယောက်လောက် ဆွဲဆောင်နိုင်မယ်ဆိုရင် အခြေခံဥပဒေ ပြင်ဆင်ရေးဟာ တကယ်ဖြစ်လာဖို့ ရှိနေပါတယ်။
မိုရီနာပါတီဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ကို အာဏာပိုပေးတာ၊ တရားရုံးချုပ် တရားသူကြီးတွေကို လူထုဆန္ဒနဲ့ တင်မြှောက်တာမျိုးတွေ လုပ်ဖို့ အခြေခံဥပဒေ ပြင်ဆင်ချင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိဥပဒေအရ သမ္မတတယောက်ဟာ ၆ နှစ်သက်တမ်းပဲ ထမ်းဆောင်ခွင့်ရတဲ့အတွက် လူကြိုက်များတဲ့ သမ္မတ အိုဘရာဒေါဟာ ရာထူးက ဆင်းပေးခဲ့ရတဲ့အတွက် ဒီအချက်ကို ပြင်မလား ဆိုတာလည်း စောင့်ကြည့်ရပါမယ်။ လွှတ်တော်သစ်ကိုတော့ စက်တင်ဘာလမှာ စတင်ခေါ်ယူမှာ ဖြစ်ပါတယ်။
Source-Reuters