(က)
ဒီကနေ့တော့ ရွာတောင်ဘက်က အစိမ်းရောင်အုတ်တံတိုင်းကြီးများ ကာရံထားသည့် စိမ်းသရဖူစိမ်းဆရာတော် ဦးအစိမ်းတကျောင်းမှာ ဆုံကြမည်ဆို၍ လိုက်ခဲ့ရပါလေ၏။
ကျောင်းရောက်တော့ ဆရာတော်နှင့်တကွ ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘစိမ်းမောင်နှင့် စစ်ဘေးရှောင် စစ်ပြန်အဘမောင်ဝင်းတို့ကိုပါ တွေ့ကြရပါ၏။ အဘမောင်ဝင်းက သူအခြေချနေထိုင်ရာ တိုင်းရင်းသားဒေသ၏ လက်ရှိအခြေအနေများကို ပြောပြနေပါ၏။
“ဟိုကလူတွေ လှမ်းပြောတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက ေဒသကို စနစ်တကျ အုပ်ချုပ်နေပြီတဲ့”
“အေးအေးချမ်းချမ်းကော ရှိရဲ့လား မောင်ဝင်းရဲ့”
“တင်ပါ့ဘုရား . . . သူတို့က တရားဥပဒေနဲ့အညီ ကွပ်ကဲနေပါတယ်တဲ့”
“တိုက်ပွဲတွေ ဘာတွေကောဟ”
“‘ရင်ဆိုင်တိုက်ပွဲတွေ’ ဘာတွေတော့ မရှိသလောက်ဖြစ်သွားပြီး ‘ရင်မဆိုင်ရဲတဲ့ကောင်တွေ’ ကတော့ လေယာဉ်တွေနဲ့ လာလာဗုံးကြဲတာမျိုးတော့ ရှိပါသေးသတဲ့ ဘုရား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
အဘမောင်ဝင်းစကားကိုကြားပြီး အရွှင်အဘတွေ ထရယ်ကြတော့ ဆရာတော်နှင့် အဘစိမ်းမောင်တို့က ပြိုင်တူ ဘုကြည့် ကြည့်ကြပါလေ၏။
“မောင်ဝင်းပြောတာ အမှန်ပဲဘုရာ့၊ အခု မြေပြင်အခြေအနေမှာ ‘စစ်ရှုံးကောင်စီ’ မအလရဲ့ ဖက်ဆစ်တပ်တွေဟာ တိုင်းရင်းသားတပ်တွေ PDF တပ်တွေနဲ့ မျက်နှာချင်းဆိုင် နဖူးတွေ့ဒူးတွေ့ ရင်မဆိုင်ရဲတော့တာ ကျိန်းသေပဲဘုရာ့”
“မူးသာပြောသလိုပဲ ‘ရင်ဆိုင်တွေ့ရင် ဖင်ထိုင်မေ့’ နေကြပြီဆိုတော့ ဝေဟင်ပေါ် ခပ်လှမ်းလှမ်းကပဲ ‘ကြဲ’ ရဲတော့တယ်ဘုရား”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
အဘစောမူးသာ့စကားကို ထောက်ခံပြောကြားတဲ့ စစ်ပြန်ကြီး အဘလုံးတုံးရဲ့စကားအပြီးမှာ ထပ်မံရယ်ချလိုက်ကြပြန်ပါလေရာ အစိမ်းဆရာတော်နှင့် အစိမ်းဒကာတော်တို့မှာ မျက်နှာကြီးတွေ တင်းလာပါလေ၏။
အဘစောမူးသာက အသာပြုံး၍ ဆက်ပါ၏။
“ကြင်စိုး သာဝ မအလဟာ အသိတရားမရှိဘဲ သူ့အလုပ်သူ ဆက်လုပ်နေချိန်မှာ ပြည်သူတွေကလည်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေကြပါတယ်ဘုရာ့”
“ဟေ . . . ဘယ်လို”
“မအလက စစ်မှုထမ်းဖို့ အတင်းအကျပ် ဆွဲတယ်၊ လူငယ်တွေက မအလတပ်ထဲမဝင်ဘဲ ရှောင်ပြေးပြီး PDF တပ်တွေထဲ ဝင်ကုန်ကြတယ်”
“အမ် . . .”
“အခု ဒီအနီးတဝိုက်ရွာတွေက ကလေးေတွလည်း မရှိကြတော့ဘူးလေ၊ ‘ရောက်’ ကုန်ကြပြီဘုရာ့”
“‘နင့်အလုပ် နင်လုပ်၊ ငါ့အလုပ်ငါလုပ်’ ဆိုသလိုပေါ့ ဘုရား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ခ)
စကားဆက်ကြလေရာ ‘မြန်မာပြည်သိန်းတန်ကြီး’ ဆီသို့ ရောက်သွားပါလေ၏။ ဦးသိန်းတန်ကြီး၏ ‘ပေါက်’ နေသည့် သီချင်းအကြောင်းကို ဆက်ပြောကြပါလေ၏။
“နားထောင်ပြီးပြီလား ဘုရား”
“အေး . . . အဲ . . . လေ့လာကြည့်တဲ့သဘောနဲ့ နားထောင်ဖြစ်ပါတယ် မူးသာ”
“ဘယ်လိုသဘောရလဲ ဘုရာ့”
“အဲ . . . သာမန်လူတွေနဲ့ဝေးတဲ့ ‘ဝိပဿနာ’ ကို လူတွေနားလည်အောင် ခေတ်ပေါ်ဂီတနဲ့ ပေါင်းစပ်ပြီး နားထဲရောက်အောင် ကြိုးစားတာပေါ့ကွာ”
“အရှင်ဘုရား သဘောကျလား မေးတာ”
“အဲ . . . မိုးကုတ်ဝိပဿနာအဖွဲ့နဲ့ ဆရာတော်ကြီးတွေက ခွင့်ပြုလို့ သီဆိုခဲ့တာတဲ့”
အဘစောမူးသာနှင့် အဘလုံးတုံးတို့ကား ပြုံးစိပြုံးစိနှင့်၊ ဆရာတော်ကား ထိန်းထိန်းသိမ်းသိမ်း ဖြေကြားနေရပါလေ၏။ “တပည့်တော်တို့ကတော့ ကြိုက်တယ်” ဟု ဆိုလိုက်လေရာ ဆရာတော်မှာ အံ့သြမျက်နှာနှင့် ဇဝေဇဝါ ဖြစ်သွားပါလေ၏။
“အဲသည်သီချင်း . . . အဲ . . . အဲသည် ‘ဓမ္မတေး’ ကို ကြားလိုက်ရတဲ့အခါမှာ ကြင်စိုး သာဝ မအလကြီးရဲ့ မျက်နှာကိုပဲ ပြေးပြေးမြင်ကြတယ် ဘုရာ့”
“ဟေ . . . ဘာဖြစ်လို့”
“ဘာဖြစ်လို့လဲဆိုတော့ သူကလည်း သူ့အလုပ်ဖြစ်တဲ့ ရက်စက်မှု၊ ကြမ်းကြုတ်မှု၊ ယုတ်မာမှု၊ လူမဆန်မှုတွေကို ဆက်လုပ်နေချိန်မှာ ပြည်သူလူထုကလည်း ကိုယ့်အလုပ်ဖြစ်တဲ့ ခုခံမှု၊ တွန်းလှန်မှု၊ တော်လှန်မှုတွေကို အားကြိုးမာန်တက် ဆက်ပြီးလုပ်နေကြတယ် မဟုတ်လား”
“ဟမ် . . . . .”
“သူက သူ့အလုပ်သူလုပ်နေချိန်မှာ ကိုယ်က ကိုယ့်အလုပ်ကိုယ်မလုပ်ရင် ဒီ့ထက်ဒီ ဒုက္ခတွေ ရောက်ကုန်မှာပေါ့ ဘုရာ့၊ ဒါကြောင့်လည်း တနိုင်ငံလုံးက လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် မအလနဲ့ သူ့ရဲ့နောက်ဆုံးအကြွင်းအကျန် ဖက်တစ်တပ်ကို အပြီးတိုင် တော်လှန်နေကြတာပေါ့”
“ဟှူး . . . . .”
“ဝှူး . . . . . .”
အစွန်းရောက် အစိမ်းဆရာတော်နှင့် ဒကာကျော်ထံမှ ပြိုင်တူ သက်ပြင်းချသံကြီးများကို ကြားလိုက်ကြရပါလေ၏။ ခဏအကြာမှာ အဘစောမူးသာက သူ့ဖုန်းထဲမှ ဓမ္မတေးကို ဖွင့်လိုက်ပါလေ၏ ခင်ဗျာ။
“န င့် အ လု ပ် က
အိုမယ် နာမယ် သေမယ်
ဖြ စ် မ ယ် . . . ပျ က် မ ယ်”
(ဂ)
ဒီကနေ့စကားဝိုင်းမှာ မြန်မာပြည်သိန်းတန်ကြီး၏ သီချင်းနှင့် မြန်မာပြည်ဖျက် မအလကြီး၏ လုပ်ရပ်တို့ကို ဆက်စပ်မိခဲ့ကြကာ တသောသော ဖြစ်ခဲ့ကြရပါလေ၏။ အဘလုံးတုံးက ဤသို့ဆက်ပါ၏။
“မအလဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပြီဟ မူးသာရ၊ လက်ထဲမလည်း ‘ဒေါ်လာ’ မရှိတော့ဘူး”
“ဟုတ်တယ်လုံးတုံး . . . သူတို့ ‘စစ်အသုံးစရိတ်’ လိုလာပြီဆိုရင် ဘုရားအလှူခံပုံးတောင် ချန်တာမဟုတ်ဘူးဟ၊ မြင်တဲ့နေရာက အကုန်နှိုက်တာ သိမ်းတာ”
“ဆန်ကုန်သည်တွေ ဖမ်းတယ်ကွာ၊ ဆီကုန်သည်တွေ ဖမ်းတယ်ကွာ၊ စက်သုံးဆီ ဆိုင်ပိုင်ရှင်တွေ ဖမ်းတယ်ကွာ၊ ပြီးတော့ ရသမျှ ငွေ ‘ညှစ်’ ထုတ်တယ်”
“ပြီးတော့ ဒေါ်လာလုပ်ငန်းရှင်တွေကို ဖမ်းတယ်၊ ဘဏ်လုပ်ငန်းရှင်တွေကို ဖမ်းတယ်၊ ရွှေလုပ်ငန်းရှင်တွေကို ဖမ်းတယ်၊ အခုနောက်ဆုံး ပြည်ပမှာ တိုက်ခန်းဝယ်ထားသူတွေကိုတောင်မှ ဖမ်းပြီး ရသမျှ ထွက်သမျှကို ‘ညှစ်ထုတ်’ ပြီး စစ်အသုံးစရိတ်လုပ်နေပြီ ဆိုတော့ကာ နောက်ဆိုရင် ‘လူခွန်’ တောင်မှ ကောက်လာမယ့်သဘောပဲ”
“အဲဒါတော့ ကျိန်းသေပဲဟ၊ အခု မအလရဲ့ ‘စစ်ရှုံးကောင်စီ’ ဟာ ‘အခွံ’ ပဲ ကျန်တော့လို့ သိပ်မကြာခင် ‘လူခွန်’ တောင်မှ ကောက်တော့မယ့်လက္ခဏာပဲ”
“ဟှူး . . . . . ဝှူး . . . . .”
သက်ပြင်းရှည်ကြီးများကို ကြားကြရပြန်ပါလေ၏။ လူလည်းလူအလျောက် ကျပ်တည်းလာသလို ဘုန်းကြီးလည်း ဘုန်းကြီးအလျောက် ကျပ်တည်းလာတာကိုတော့ ငြင်းလို့မရဘူး ဘုရားဟု အဘစောမူးသာက လျှောက်ပါလေ၏။
“အခုဆိုရင် မြို့လေးပေါ်က ဆွမ်းကျွေးတွေဘာတွေ ဖိတ်တဲ့အခါ အရှင်ဘုရားတို့ အရင်ကလို ကားတစီးစီ မသွားနိုင်ကြတော့ဘဲ နီးစပ်ရာရွာကျောင်းက ကိုယ်တော်တွေ ပေါင်းပြီး တစီးတည်းနဲ့ ကြွနေကြရပြီမဟုတ်လား”
“အင်း . . . . .”
“အဲဒါရဲ့ လက်သည်တရားခံကတော့ ကြင်စိုး သာဝ မအလပဲ ကိုယ်တော်”
“အဲ . . . . .”
“အဲသည်တော့ ဘာလုပ်ရမလဲ . . . ခုနကပြောသလို သူ့အလုပ် သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြရုံပဲပေါ့ ဘုရာ့”
ဆရာတော်က ဆွမ်းဘုန်းပေးတော့မည်ဖြစ်ရာ ကျွန်ုပ်တို့လည်း ပြန်ရန် ပြင်ကြပါ၏။ ထိုင်ရာကအထ အဘစောမူးသာက ဓမ္မတေးကို ထပ်ဖွင့်ပြန်ပါလေ၏။
“န င့် အ လု ပ် က
အိုမယ် နာမယ် သေမယ်
ဖြ စ် မ ယ် . . . ပျ က် မ ယ်”
“ငါ့ အ လု ပ် က
ငါ့ အ လု ပ် က
ငါ့ အ လု ပ် က
ဝိ ပ ဿ နာ . . . . .”
အဘလုံးတုံးက ပြုံးစိပြုံးစိမျက်နှာနှင့် ဤကဲ့သို့ နောက်ကနေ လိုက်၍ ဆိုလိုက်ပါလေတော့သတည်း။
“မ အ လ
ဖြိုမယ် နွှာမယ် ဘေမယ်
ပစ်မယ် နှက်မယ်”
“မ အ လ
ပြိုမယ် နာမယ် သေမယ်
လစ်မယ် ပျက်မယ်”
“ငါတို့အလုပ်က
ငါတို့အလုပ်က
ငါတို့အလုပ်က
ငတိ အ ပြ တ် နွှာ . . . . .”