ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ လာအိုနယ်စပ်၊ ဖယောင်းခရိုင်ထဲမှာ ပိုင်ရှင်မဲ့စိတ်ကြွဆေး ၇,၆၀၀,၀၀၀ သိမ်းဆည်းရမိတယ်လို့ Maesaipress သတင်းမှာ ဖော်ပြပါတယ်။
ဖယောင်းခရိုင်၊ ဖူးချန့်မြို့နယ် ရဲတပ်ဖွဲ့ဝင်နဲ့ နယ်မြေအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေဟာ ဇွန် ၉ ရက် မနက် ၂ နာရီလောက်က တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး လှည့်လည်စစ်ဆေးစဉ် ဆုပ်ပုန်အုပ်စု ဘန့်ဆိုင်းငမ်းရွာ လမ်းဘေးတနေရာမှာ ရပ်နားထားတဲ့ အနက်ရောင် မစ်ဆူဘီရှီ ဟိုင်းလပ်စ်ကား ၁ စီးကို တွေ့ရှိခဲ့ပါတယ်။
အဆိုပါကားကို မသင်္ကာလို့ စစ်ဆေးရာမှာ ကားမောင်းသူ မတွေ့ရဘဲ ကားထဲမှာတော့ သက်တံရောင်စုံ မြွေရေခွံအိတ် စုစုပေါင်း ၃၁ လုံးရှိပြီး အထဲမှာ စိတ်ကြွဆေးပြားစုစုပေါင်း ၇,၆၀၀,၀၀၀ ကို သိမ်းဆည်းရမိကြောင်း၊ အနီးနားပတ်ဝန်းကျင်တဝိုက်မှာ မသင်္ကာသူ တဦးတယောက်မှ မတွေ့တာကြောင့် ကားကိုပါ သိမ်းဆည်းပြီး ဖူးချန့်ရဲစခန်းကို သယ်ဆောင်လာတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီမတိုင်ခင် ဇွန် ၈ ရက် မနက်ကလည်း ဖယောင်းခရိုင်နဲ့ ဆက်နေတဲ့ ဖရဲ့ခရိုင်ထဲမှာလည်း စိတ်ကြွဆေး ၂ သန်းနီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
၈ ရက် မနက် ၂ နာရီလောက်က ဖရဲ့ခရိုင် ဒိန်ချိုင်းမြို့နယ်ရှိ လမ်းမကြီးပေါ်မှာ မောင်းလာတဲ့ အနက်ရောင် ဟိုင်းလပ်စ်ကားတစီးကို တာဝန်ရှိသူတွေက X -Ray စက်ထဲ မောင်းနှင်ဖြတ်သန်းစေခဲ့ရာမှာ မသင်္ကာစရာတွေ့ရှိကြောင်း၊ တာဝန်ရှိသူတွေက အဆိုပါကားကို သေချာထပ်မံစစ်ဆေးရာမှာ ကားအောက်ထဲအံဝှက်လုပ်ပြီး ထည့်လာတဲ့ အိတ်ပေါင်း ၁၃ အိတ်တွေ့ရှိပြီး အထဲမှာ စိတ်ကြွဆေး ၁,၉၉၀,၀၀၀ ကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းလူမျိုး ယာဉ်မောင်းအမျိုးသား တဦး၊ ကားပေါ်စီးနင်းလိုက်ပါလာသူ အမျိုးသားတဦးနဲ့ အမျိုးသမီး တဦးတို့ကိုပါ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဇွန် ၈ ရက် တနေ့တည်းမှာပဲ ထိုင်းမြောက်ပိုင်း၊ လမ်းပန်းခရိုင် မဲ့ဖရစ်စစ်ဆေးရေးဂိတ်ကနေ စိတ်ကြွဆေးပြား ၂ သန်း ဖမ်းဆီးရမိခဲ့ပါသေးတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသက် ၃၀ ကျော်ရွယ် တာ့ခရိုင်က အမျိုးသား ၂ ဦးနဲ့ အဖြူရောင် ဟိုင်းလပ်စ်ကား တစီး၊ အနက်ရောင် အိမ်စီးကား တစီးကိုပါ ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source- Maesaipress