Home
မြန်မာသတင်း
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးနှင့် ဘင်္ဂလားဒေ့ရှ်အကျဉ်းသား ၄၅ ဦးကို ထပ်မံလဲလှယ်
DVB
·
June 10, 2024
Photo - BSS News
Photo - Dhaka Tribune၊ The Daily Star၊ BDNews 24

ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ အာရက္ခတပ်တော် (AA)ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၄ ဦးနဲ့ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အကျဉ်းသား  ၄၅ ဦးတို့ကို  ဇွန် ၉ ရက်မှာ ဒုတိယ အကြိမ်​ အပြန်အလှန် လဲလှယ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြပါတယ်။

ဇွန် ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအာဏာပိုင် ဆိပ်ခံတံတားဖြစ်တဲ့ BIWTA ကတဆင့် ဘင်္ဂလားပင်လယ်အော်အတွင်း စောင့်နေတဲ့ မြန်မာရေတပ်သင်္ဘောကို ပို့ဆောင်ခဲ့တာပါ။ ဒီသင်္ဘောကနေတဆင့်  မြန်မာနိုင်မှာ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၅ ဦးကိုလည်း ပြန်လည်လွှဲပြောင်းခဲ့တယ်လို့ The Daily Star  ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြပါတယ်။

ပြန်လည်ပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရခိုင်ပြည်နယ်အတွင်း AA နဲ့တိုက်ပွဲမှာ စစ်ရှုံးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို  ဧပြီ ၂၅ ရက်နဲ့ မေ ၅ ရက် အကြားမှာ နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာသူတွေ ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ ဘင်္ဂလားဒေ့ရှ်သံရုံးနဲ့ စစ်ကောင်စီ ဒေသဆိုင်ရာ အာဏာပိုင်တွေ ညှိနှိုင်းပြီးတော့ နှစ်နိုင်ငံကြား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ကာ ခရီးသွားလာခွင့် လက်မှတ်ထုတ်ပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ကြတာလို့ ဒါကာအခြေစိုက် BSS သတင်းမှာ ဖော်ပြပါတယ်။

သူတို့ကို စစ်ကောင်စီရေတပ် ချင်းတွင်း သင်္ဘောနဲ့ ကော့ဘဇားဘက်ကို ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး  တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ၁၃၄ ဦးကိုလည်း မြန်မာဘက် ပြန်ပို့လိုက်တယ်လို့ ဆိုပါတယ်။

အခုနှစ်အတွင်း မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၇၅၂ ယောက်အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာသူတွေအား မြန်မာနိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးခဲ့သလို မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၁၈ ယောက်ကိုလည်း နေရပ်ပြန်လည်ခေါ်‌ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အရက္ခတပ်တော် (AA) တို့အကြား စစ်ရေးပဋိ ပက္ခတွေ အရှိန်မြင့်လာတာကြောင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်ထဲကို အခုနှစ် ဖေဖော်ဝါရီလအစောပိုင်းက စတင်ပြီးတော့ ထွက်ပြေးလာနေကြတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ကလည်း ရခိုင်မှာ စစ်ရှုံးပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၈ ဦးနဲ့ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးတို့ကို ပထမဆုံးအကြိမ် အလဲလှယ်ပြုလုပ်ခဲ့ပါတယ်။

အခုလို စစ်သားနှင့် အကျဉ်းသားကို ပြန်လည်လဲလှယ်ရတယ်ဆိုတဲ့အထိ ရောက်ရှိနေတာဟာ စစ်ကောင်စီရဲ့ စစ်ရှုံးမှုတွေ ပေါ်လွင်ထင်ရှားနေတယ်လို့ ရခိုင်စစ်ရေးအကဲခတ်တဦးက ပြောပါတယ်။

“စစ်သားတွေနဲ့ နိုင်ငံအတွင်း အကျဉ်းကျနေတဲ့ အရပ်သားတွေနဲ့ လဲလှယ်နေကြတဲ့ ဆိုကတည်းက စစ်ကောင်စီတပ်ဟာ ဘယ်လောက်အထိ ရှုံးနိမ့်နေလဲဆိုတာ သိသာနေတယ်။ စစ်သားနဲ့ အရပ်သား လဲလှယ်တာဟာ တကြိမ်လည်း မဟုတ်တော့ဘူး။ နှစ်ကြိမ်အထိ ရှိလာပြီ။ နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဖမ်းဆီးခံထားရသူ အများစုဟာ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူတွေ များတယ်။ ဒီလူတွေနဲ့ စစ်သားတွေကို လဲလှယ်ရတယ် ဆိုကတည်းက စစ်ကောင်စီမှာ နိုင်ငံရေးသိက္ခာဆိုတာ မရှိတော့ဘူး။”

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ ဘူးသီးတောင်မြို့နယ်ကို AA တပ်တွေက သိမ်းပိုက်ရရှိထားပြီး မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကိုလည်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ တိုက်ပွဲကာလ ၇ လနီးပါးအတွင်းမှာ အာရက္ခတပ်တော်က ၁၀ မြို့နယ်အထိကို သိမ်းပိုက်ရရှိထားပြီး အမ်း၊ သံတွဲနဲ့ မောင်တောမြို့နယ်တို့ကိုလည်း အပြင်အထန်ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရတဲ့ စစ်ကောင်စီတပ်သား အရေအတွက်ဟာ ၇၀၀ နီးပါးအထိ ရှိလာပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း နယ်စပ်တလျောက်ကို လုံခြုံရေးတင်းကျပ်ထားတယ်လို့ နယ်စပ်သတင်းရင်းမြစ်က သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသမှာတော့ မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းနီးပါးကို လက်ခံခိုလှုံခွင့်ပေးထားပါတယ်။

Source:BSS News/The Daily Star 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013