Home
ရုပ်သံ
မြန်မာပြည်သူများအတွက် ကူညီနိုင်ရန် ကြိုးစားနေဟု ပါမောက္ခရှောင်တာနယ် ပြော
DVB
·
June 10, 2024
Photo - DVB

မြန်မာပြည်သူတွေ အနာဂတ် မျှော်လင့်ချက်ရှိလာအောင် ကူညီနိုင်ဖို့ ကြိုးစားနေတယ်လို့ ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်က အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်မှာ ကျင်းပတဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့ အကြိုအခမ်းအနားမှာ ပြောပါတယ်။

ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ် ပြည့်မွေးနေ့အကြိုအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ် Potomac မှာ ဒေသစံတော်ချိန် ဇွန် ၉ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တာပါ။

အခမ်းအနားမှာ နိုင်ငံရေးအကျဉ်းသားဟောင်း ပါမောက္ခရှောင်တာနယ်က သူ့ရဲ့ မြန်မာပြည် အကျဉ်းထောင်တွင်း အတွေ့အကြုံတွေကို ရေးသားထားတဲ့ An Unlikely Prisoner မူရင်းစာအုပ်တွေကို ကိုယ်တိုင်လက်မှတ်ရေးထိုး ရောင်းချပြီး တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးခဲ့ပါတယ်။

ပါမောက္ခ ရှောင်တာနယ်က “ဒေါ်အောင်ဆန်းစုကြည်က ကျနော် လွတ်မြောက်သွားတဲ့အခါ ကျနော် ဆောင်ရွက်ဖို့ ပြောတာတခုက ကျနော်က သူ့ထက်စောပြီး လွတ်မြောက်မှာ သေချာတယ်။ အဲဒါကြောင့် သူက ကျနော့်ရဲ့ လွတ်မြောက်သွားမှုကို အသုံးပြုပြီးတော့ မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်တွေရဲ့  အထွေထွေအခြေအနေကို ပြန်ပြောဖို့၊ ဒီလိုနဲ့ ကျနော် စာအုပ်ရေးဖြစ်တဲ့အခါမှာ မြန်မာနိုင်ငံတွင်းက ထောင်တွေဟာ နိုင်ငံတကာထောင်တွေလို မဟုတ်ဘူးဆိုတာ ထည့်ရေးဖြစ်တယ်၊ အကျဉ်းသားတွေရဲ့ ဆိုးရွားတဲ့ အခြေအနေတွေပေါ့။ ဒါက ရည်ရွယ်ချက် ပထမအချက်ဖြစ်တယ်။ ကျနော် ဆက်လုပ်ဖြစ်တဲ့ ဒုတိယရည်ရွယ်ချက်က ကျနော် တွေ့ဆုံဖြစ်တဲ့ မြန်မာပြည်သူတွေရဲ့အကြောင်းတွေ၊ စီးပွားရေး ဘဝအခြေအနေတွေ၊ ဘေးအန္တရာယ်ဆိုး ကျရောက်နေတဲ့ မြန်မာ့စီးပွားရေးအခြေအနေတွေ၊ စီးပွားရေးက ကျနော့်နယ်ပယ်ဖြစ်တဲ့အတွက် ကျနော် ကောင်းကောင်းပြောနိုင်ပါတယ်။ အဲဒီအတွက် ကျနော့်အချိန်တွေကို မင်းအောင်လှိုင်ဟာ အာဏာရှင်ဖြစ်တယ်ဆိုတာကို တွန်းအားပေးပြီး ပြောနိုင်ဖို့၊ သူ့ကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ စီးပွားရေးဘဝတွေအတွက် ဘယ်လိုရင်းမြစ်ကနေဖြစ်ဖြစ် ပြည်သူတွေအတွက် အနာဂတ်မှာ မျှော်လင့်ချက်ရှိလာအောင် ကူညီပေးချင်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလကနေစပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့မွေးနေ့ကို ၄ နှစ်ဆက်တိုက် အကျဉ်းထောင်ထဲကနေ ဖြတ်သန်းနေရတာဖြစ်ပြီး လတ်တလောမှာ နေပြည်တော်အချုပ်ထောင်ကနေ နေပြည်တော်ကောင်စီ ဒုဝန်ကြီးအဆင့် နေအိမ်တခုမှာ ထိန်းသိမ်းခံထားရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆက်သွယ်ရေး၊ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က “ဒီကနေ့မှာ သူက အကျဉ်းထောင်ထဲမှာ ဖြတ်သန်းနေရပေမဲ့ ကျနော်တို့က သူ့ကို အသိအမှတ်ပြုပြီးတော့ သူ့ရဲ့မွေးနေ့တွေမှာ အမှတ်တရပြုလုပ်ပေးနေတဲ့ပွဲတွေ ဖြစ်တယ်ပေါ့။ အမြန်ဆုံး ပြန်လည်လွတ်မြောက်ပြီးတော့ နိုင်ငံ့အကျိုး၊ ပြည်သူလူထုအားလုံးရဲ့အကျိုးကို ထမ်းဆောင်နိုင်ဖို့အတွက်လည်း ကျနော်တို့က မျှော်လင့်နေပါတယ်”လို့ ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက “လာမယ့် ၁၉ ရက်နေ့က သူ့ရဲ့ ၄ ကြိမ်မြောက် ထောင်ထဲမှာ သူ့ရဲ့မွေးနေ့ကို ဖြတ်သန်းရတဲ့ကာလ ဖြစ်နေပါတယ်။ နိုင်ငံအတွက် အရေးပါတဲ့သူတယောက် ဒီလိုမျိုးထောင်ထဲမှာရှိနေတဲ့ ဥစ္စာကိုတော့ ကျနော်တို့ ပြည်သူတွေအနေနဲ့ လုံးဝကိုမလိုလားပါဘူး။ ဒါကြောင့် အမြန်ဆုံး လွတ်မြောက်ဖို့အတွက် ကျနော်တို့အားလုံး တိုင်းသူပြည်သားတွေ အကုန်လုံးကနေပြီးတော့ ဆုတောင်းနေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မွေးနေ့ပွဲအခမ်းအနားမှာ စာအုပ်ရောင်းချတာ၊ ရိုးရာအစားအသောက်ရောင်းချတာ၊ ကံစမ်းမဲ လက်မှတ်ရောင်းချတာ၊ ပန်းချီကားနဲ့ လက်ဝတ်ရတနာတွေ လေလံတင်ရောင်းချတာတွေကနေ ရန်ပုံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ဝန်းကျင်ရရှိခဲ့ပါတယ်။

မယ်ရီလန်းအခြေစိုက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးရင်ထွေးက “မြန်မာပြည်ကြီး လွတ်မြောက်သွားချိန် အမေစု လွတ်မြောက်တဲ့အချိန်ကို ကျနော်တို့အားလုံး မျှော်လင့်ရင်းနဲ့ ကျနော်တို့ နိုင်တဲ့ဘက်က ဝိုင်းလုပ်နေကြပါတယ်။ အမေစု အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

ပါမောက္ခရှောင်တာနယ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ဇွန်လမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလ ဗဟိုဘဏ်အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံထားရသူ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရှောင်တာနယ်ဟာ ရက်ပေါင်း ၆၅၀ ကျော် အကျဉ်းကျခံခဲ့ရပြီး ၂၀၂၂ နိုဝင်ဘာ ၇ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။  

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024