ရွေးကောက်ပွဲနိုင်ပေမဲ့ အတိုက်အခံဖြစ်နေရတဲ့ Move Forward ပါတီကို ဖျက်သိမ်းပေးဖို့ လျှောက်ထားမှုကို အခြေခံဥပဒေခုံရုံးက ဇွန် ၁၂ ရက်မှာ စတင်ကြားနာမှာ ဖြစ်ပါတယ်။
ထီးနန်းကို ဝေဖန်လို့မရအောင် ကာကွယ်ပေးထားတဲ့ ပုဒ်မကို ပြင်ဆင်ဖို့ လှုံ့ဆော်ခဲ့တာကြောင့် ဒီပါတီကို ဖျက်သိမ်းပေးဖို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လျှောက်ထားချက်ကို ကြားနာဖို့ တရားရုံးက လက်ခံထားပါတယ်။
ဒီပုဒ်မနဲ့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း လူ ၂၆၀ ထက်မနည်း စွဲချက်တင်ခဲ့ပြီး ဖြစ်ပါတယ်။
ထိုင်းဘုရင်၊ မိဖုရား၊ ဆက်ခံသူ၊ ရင်ခွင်ပိုက်အုပ်စိုးသူ၊ အသရေဖျက်၊ စော်ကား၊ ခြိမ်းခြောက်သူမှန်သမျှကို ထောင် ၃ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၁၅ ဟာ လိုအပ်သလို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ဆိုလေ့ရှိပါတယ်။
Move Forward ပါတီက ဒီပုဒ်မကို ပြင်ဆင်ဖို့ ကြိုးစားတာဟာ အခြေခံဥပဒေနဲ့မညီဘဲ ဘုရင်ကို နိုင်ငံ့ဥသျှောင်အဖြစ် သတ်မှတ်တဲ့ အစိုးရစနစ်တရပ်လုံးကို ဖယ်ရှားဖို့ ကြိုးစားရာရောက်တဲ့အတွက် ရပ်တန့်ဖို့ ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
အခုအခါမှာ ဒီလိုကြိုးစားခဲ့မှုကြောင့် ပါတီကို ဖျက်သိမ်းသင့်တယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က လျှောက်ထားတာဖြစ်ပါတယ်။
ပါတီခေါင်းဆောင်ဟောင်းနဲ့ အကြံပေးအရာရှိချုပ် ဖိထား လိုမ့်ကျရွန်းရတ် ကတော့ အခြေခံဥပဒေအရ ခုံရုံးမှာ ပါတီဖျက်သိမ်းခွင့် မရှိသလို ဖြစ်မလာသေးတဲ့ ကိစ္စတခုအတွက် အပြစ်ပေးလို့ မရနိုင်ဘူးလို့ ထောက်ပြထားပါတယ်။
Source-Reuters