အင်္ဂလန်လက်ရွေးစင်အသင်းသားတွေအနေနဲ့ ခြေစွမ်းတိုးတက်လာဖို့ လိုအပ်နေသေးကြောင်း အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ဝန်ခံပြောသွားပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲ မတိုင်ခင် နောက်ဆုံးခြေစမ်းပွဲမှာ အိုက်စလန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။
အင်္ဂလန်အသင်းသားတွေအနေနဲ့ ခြေစွမ်းတိုးတက်လာဖို့ လိုအပ်နေတာကြောင့် လေ့ကျင့်ရေးကွင်းမှာ ပြင်းပြင်းထန်ထန်ကြိုးပမ်းသွားဖို့ လိုအပ်ကြောင်း၊ အိုက်စလန်ကို ရှုံးနိမ့်ခဲ့မှုဟာ ပြန်လည်နိုးထဖို့ သတိပေးခေါင်းလောင်းသံ ဖြစ်ကြောင်း ဟယ်ရီကိန်းက ပြောပါတယ်။
ခံစစ်ပိုင်းက အကောင်းဆုံးကစားနိုင်ဖို့ လိုအပ်သလို ဘောလုံးပိုင်ဆိုင်မှုရရှိချိန်မှာလည်း စိတ်ရှည်လက်ရှည်ကစားနိုင်ဖို့ လိုအပ်ကြောင်း ဟယ်ရီကိန်းက ပြောသွားပါတယ်။
အင်္ဂလန်နဲ့ မန်ယူ ဂိုသမား တွန်ဟီတန်ကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရလို့ ဂုဏ်ယူမိကြောင်း ပြောသွားပါတယ်။
နည်းပြဆောက်ဂိတ်ဟာ အင်္ဂလန်ဂိုးသမား ၃ ဦးရွေးချယ်ပြီးသား ဖြစ်ပေမဲ့ ဝါရင့်ဂိုးသမား တွန်ဟီတန်ကို ထပ်လောင်းခေါ်ယူခဲ့တာပါ။
အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရလာခဲ့တဲ့အပေါ် ဂုဏ်ယူကျေနပ်မိပြီး အတွေ့အကြုံကောင်းတွေ ဝေမျှရင်း အသင်းကို ကူညီပေးသွားမယ်လို့ ဂိုးသမားတွန်ဟီတန်က ပြောပါတယ်။
နည်းပြဆောက်ဂိတ်ကတော့ တွန်အနေနဲ့ အသင်းမှာရှိပြီးသား ဂိုးသမား ၃ ဦးကို ကူညီအားပေးသွားမှာဖြစ်ကြောင်၊ တွန်ရဲ့ အတွေ့အကြုံတွေက ပြိုင်ပွဲကြီးတခုမှာ အရေးကြီးကြောင်း နည်းပြဆောက်ဂိတ်က ပြောသွားပါတယ်။
တွန်ဟီတန်ဟာ ဘန်လေအသင်းမှာ ၆ နှစ်ကြာ ကစားခဲ့ပြီး ဗီလာအသင်းဆီ ထပ်မံပြောင်းရွှေကာ ၂၀၂၁ ခုနှစ်က မန်ယူအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၇ ရက်မှာ ဆားဘီးယားနဲ့ ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပါတယ်။