Home
မြန်မာသတင်း
ဘီးလင်း ရဲတပ်ကြပ်ကြီးနာရေးအိမ်တွင် ပစ်ခတ်မှုဖြစ်ပြီး ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ 
DVB
·
June 10, 2024
BeeLin_10062024

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ တပ်ကြပ်ကြီး နာရေးအိမ်မှာ ဇွန် ၉ ရက်က ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘီလင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ပေါက်ကွဲကျေးရွာရှိ ရဲတပ်ကြပ်ကြီး နာရေးအိမ်မှာ ဇွန် ၉ ရက် ‌မွန်းလွဲ ၂ နာရီခွဲလောက်က အမည်မသိ သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် အသက် ၅၀ အရွယ် ဦးဇော်မျိုးနဲ့ အသက် ၃၅ နှစ်အရွယ် ဦးသံကွင်းတို့ နေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၃၀ လောက်ရှိတဲ့ မဇင်မာနဲ့ အသက် ၁၀ နှစ်ကျော်အရွယ် မောင်ရဲထွဋ်နောင်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။

တောင်စွန်းရွာခံတဦးက “သေနတ်သမားတွေက နာရေးအိမ်ထဲဝင်ပြီး လာပစ်သွားတာ။ အဓိကကတော့ သေသွားတဲ့ အမျိုးသားနှစ်ဦးကိုပဲ ဦးတည်ပြီးပစ်တာ။ အဲဒီနှစ်ယောက်လုံး သေသွားပြီး ဘေးက ကလေးနဲ့ အမျိုးသမီးကတော့ ကျည်တချက်စီ မှန်သွားတယ်။ ဒဏ်ရာရတဲ့သူတွေက စိုးရိမ်စရာတော့ မရှိပါဘူး။ ဘယ်သူတွေက ဘာကြောင့် လာပစ်သွားတယ် ဆိုတာတော့ မသိဘူး။ ဖြစ်ဖြစ်ချင်း အကုန် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ညကဆို လူတောင်မရှိဘူး” လို့ ပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးကို ဒေသခံ လူမှုကူညီရေးအသင်းတွေက ဘီးလင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အနီးနားမှာရှိတဲ့ ပြည်သူတွေကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ရဲတပ်ကြပ်ကြီး နာရေးအိမ်မှာ ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေသတွင်း အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိ‌သေးပါဘူး။

ပြီးခဲ့တဲ့ ဇွန် ၆ ရက်ကလည်း တောင်စွန်းလျှပ်စစ်ရုံးမှာ လုံခြုံရေးတာဝန်ကျတဲ့ ရဲတပ်ကြပ်ကြီး တင်လှဟာ လျှပ်စစ်ရုံးကနေ ဆိုင်ကယ်နဲ့ နေအိမ်ကိုပြန်နေတဲ့အချိန် ယွန်းဒလင်းကုန်းကျေးရွာ အရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024