မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အထက်အင်္ဂဘိုကျေးရွာ အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ပံပင် စစ်ဆေးရေးဂိတ်ကို ဇွန် ၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့-၁ က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်ပံပင် စစ်ဆေးရေးဂိတ်ကို ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့-၁ နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ပြင်းအားမြင့် ဗုံးသီးတလုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာလို့ ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အဲဒီဂိတ်မှာက စကစ အင်အား ၁၅ နဲ့ ၂၀ ကြားပဲရှိတယ်။ အရပ်ဝတ်နဲ့ လက်နက်ကိုင်ထားတာဆိုတော့ ရဲလား၊ စကစလား ခွဲခြားဖို့တော့ ခက်တယ်။ အများစုကတော့ စကစ ထိုင်တာများတယ်။ သူတို့ တပ်စွဲထားတဲ့နေရာနဲ့ ၁၀ ပေအတွင်းကို ကျနော်တို့ဘက်က ဗုံးသီးပစ်ချနိုင်ခဲ့ပါတယ်။”
တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိပေမဲ့ အတိအကျသိဖို့ ဆက်လက်စုံစမ်းနေပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးချိန်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်က အထိအခိုက်မရှိတဲ့အပြင် ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့-၁ အနေနဲ့လည်း လက်ပံပင်စစ်ဆေးရေးဂိတ်ကို ဒုတိယအကြိမ်မြောက် တိုက်ခိုက်တာလို့ သိရပါတယ်။
မွန်ပြည်နယ်၊ ရေးတောင်ပိုင်းကနေ တနင်္သာရီတိုင်း သရက်ချောင်းမြို့အထိ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို အသုံးမပြုဖို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၉ ရက်မှာ သတိပေး ထုတ်ပြန်ခဲ့ပါတယ်။
အခုလို သွားလာခွင့်ပိတ်ပင်တာဟာ စစ်ကောင်စီက ရေး-ထားလမ်းပိုင်းကို ပြန်လည်ထိုးစစ်ဆင် ထိန်းချုပ်ဖို့ ကြိုးစားနေပြီး ထိုးစစ်ဆင်ရာမှာလည်း အရပ်သား ပြည်သူတွေကို အသုံးပြုတာ၊ အရပ်သားအသွင်ယူပြီး စစ်ရေးဖြည့်တင်းတာတွေ ပြုလုပ်လာတဲ့အတွက် ပြည်သူတွေ ထိခိုက်မှုမဖြစ်အောင် ပိတ်ခဲ့တာလို့ ဆိုပါတယ်။
ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ ဖြန့်ကြက်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ရေးအချိန်အဟုန်မြှင့်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်သားတွေကို တန်ပြန်ထိုးစစ်ဆင်သွားတော့မယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြန်ကြားရေးတာဝန်ခံ နိုင်နဂါးက ပြောပါတယ်။
“သူတို့ လွန်ခဲ့တဲ့နှစ်ရက်တည်းက စစ်ကြောင်းတွေထိုးလာတော့ အခုလို ထုတ်ပြန်ချက် ထုတ်တာပါ။ ရေး-ထားဝယ် အမှတ် ၈ လမ်းမကြီးဟာ ရေးအောက်ပိုင်း၊ တနင်္သာရီပြည်မကြီးကို ဆက်သွယ်ထားတဲ့ တခုတည်းသောလမ်း ဖြစ်တယ်။ ကျနော်တို့ အဲဒီလမ်းပိုင်းကို ထိန်းချုပ်ထားတော့ စစ်ကောင်စီက ရိက္ခာတွေ၊ စစ်ကူတွေကို ရေလမ်းကနေပဲ ပို့နေရတာ။ အခု မိုးတွင်းက ရေလမ်းအသုံးပြုလို့ အဆင်မပြေတော့ မဟာမိတ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာကို အင်အားအလုံးအရင်းနဲ့ ဝင်လာတာ။ ကျနော်တို့ စစ်ရေးအရှိန်မြှင့်ပြီး တိုက်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အရေးတကြီး မလိုအပ်ဘဲ လမ်းပိုင်းကို လုံးဝမသုံးဖို့ သတိပေးချင်တယ်။”
အခုထုတ်ပြန်ချက်ဟာ နောက်ထပ် ထုတ်ပြန်ချက် တစုံတရာ မထုတ်ပြန်မချင်း အကျုံးဝင်မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်တာ၊ ခရီးသွားလာရတာ အဆင်မပြေတာ ဖြစ်တာရှိခဲ့ရင် အနူးအညွတ် တောင်းပန်ပါတယ်လို့ ဆိုပါတယ်။
ထုတ်ပြန်ချက်ကို အထူးလိုက်နာကြဖို့နဲ့ လိုက်နာဖို့ ပျက်ကွက်ခဲ့ပါက ဖြစ်လာမယ့် အကျိုးဆက်တွေကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက လုံးဝတာဝန်ယူသွားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကလည်း ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ညဘက်အသုံးမပြုဖို့ MSRF နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါသေးတယ်။