မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားကွင်းအနီး၊ ၇၁ လမ်း၊ လမ်း ၃၀-၃၁ လမ်းကြားရှိ လူနေဆိုင်ခန်း ၁၅၃ ခန်းကို လျှပ်စစ်မီးကြိုးတွေနဲ့ မလွတ်တဲ့အတွက် တိုက်ခန်းအားလုံးမှာ နေထိုင်သူတွေကို ဖယ်ရှားခိုင်းခဲ့ပြီး ဖြိုဖျက်နေလို့ ပြည်သူ ၅၀၀ ကျော် အိုးအိမ်မဲ့ခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇွန် ၁၀ ရက် မနက် ၉ နာရီလောက်မှ စတင်ပြီး စစ်ကောင်စီအဖွဲ့ဝင်တွေ လုံခြုံရယူပေးပြီး စည်ပင်ဝန်ထမ်းတွေက စက်ယန္တရားကြီးတွေနဲ့ ဖြိုချဖျက်ဆီးနေတာလို့ ဆိုပါတယ်။
တိုက်ခန်းမှာနေထိုင်ခဲ့သူတဦးက "မေလကုန်လောက်က အကြောင်းကြားတာ၊ နှစ်ပတ်အတွင်း ဖယ်ပေးရမယ်၊ ဖယ်မပေးတဲ့သူတွေကို ဥပဒေအရအရေးယူမယ်ဆိုပြီး အသိပေးစာပို့တယ်။ အခုလို ကာလကြီးထဲ အသနားခံစာ တင်လည်း မထူးလို့ ဘာမှ တောင်းဆိုတာတွေ မလုပ်ဖြစ်ဘူး” လို့ DVB ကို ပြောပါတယ်။
အဲ့ဒီမြေနေရာအဆောက်အဦက ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်မြေနေရာဖြစ်ပြီး နေထိုင်သူတွေက နှစ်ပေါင်း ၅၀ ကျော်ကြာ နေထိုင်လာခဲ့ကြတာလို့ ဆိုပါတယ်။
"မေလ ၂၄ ရက်နေ့ကနေ ဇွန်လ ၇ ရက်နေ့အတွင်း အပြီးဖယ်ပေးရမယ်ဆိုပြီး လမ်းဦးစီးဌာနက စာပို့တာ။ အချိန် နှစ်ပတ်ပဲရတော့ အမြန်ပြောင်းရွှေ့ဖို့လုပ်ရတယ်။ ဆွေမျိုး အပေါင်းအသင်းတွေကို အကူအညီတောင်းပြီး နေကြရတဲ့သူတွေက များတယ်” လို့ မြိုခံ ကိုကျော်ဦးက ပြောပါတယ်။
ဖျက်ဆီးဖယ်ရှားခံရတဲ့ မြေနေရာအဆောက်အဦတွေမှာ ကုန်စုံဆိုင်၊ စတိုးဆိုင်နဲ့ ဆေးဆိုင်တွေဖြစ်ပြီး အများစုက ဆောက်လုပ်ရေး ပင်စင်စားဝန်ထမ်းတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။